၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်မှ ကလေးငယ် (၂)ဦး အပါအဝင် ဒေသခံ ပြည်သူ (၃၀)ကျော်ကို စစ်အာဏာရှင်တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ပြည်သူ (၂၀) ဦးကျော် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည်။ ဩဂုတ်လ (၂၆)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှ အမျိုးသမီး (၁)ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကို ပုဒ်မနှစ်ခုနဲ့ ထပ်မံတရားစွဲဆိုခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း အသက်မပြည့်သေးသည့်သူ (၁)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူများ (၆) ကြိမ် ထက်မနည်း နေရပ်ဒေသ စွန့်ခွာခဲ့ကြရသည်။