မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNDO/KNLA တပ်ဖွဲ့တွေနဲ့၊ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည် ခုနစ်ထောင်လောက်ရှိလာနေတယ်လို့ KNU ဘက်က ဧပြီလ ၂၅ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ BGF နယ်ခြားစောင့်တပ်တွေ ပေါင်းပြီး၊ ဒေသခံတွေနေတဲ့ ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေတာကြောင့်၊ ဘီးလင်းမြို့နယ် KNU ထိန်းချုပ်နယ်မြေထဲက ဝင်းတာပန်၊ မြစ်ကျိုးစတဲ့ ရွာကိုးရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဧပြီလ ၂၃ ရက်နေ့မှာ ဒေါဇံကြီးရွာက ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၆၆ နှစ်အရွယ် အဘွားအိုတစ်ဦး စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

kayin.jpg

ဧပြီလ ၂၄ ရက်နေ့မှာလည်း လေးကေကျေးရွာရှိ စစ်ကောင်စီ-BGF ပူးပေါင်းစခန်းကနေ ၆ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။

ထွက်ပြေးနေရတဲ့ ဒေသခံ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းသုံး ပစ်ခတ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်စခန်းတွေကို ဘီးလင်းဘက်ကနေ ဧပြီလ ၂၃ ရက်နေ့မှာ နောက်ဆုံး ထွက်ခွာပေးဖို့ KNDO တပ်ရင်း ၂ ဘက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သတ်မှတ်ရက်ကျော်လာတဲ့အထိ ထွက်သွားတာ မရှိတာဘဲ တိုက်ပွဲတွေ ပြင်းထန်လာနေတာဖြစ်ပါတယ်။

RFA Burmese