ကျွန်းလှမြို့မှ ၁၅ မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိ ကုန်းစည်းကျေးရွာကို စစ်တပ်က မတ်လကတည်းက တပ်စွဲထားခြင်းဖြစ်ကာ ပြန်ထွက်ချိန်တွင် မီးရှို့ခဲ့သော်လည်း ဒေသခံများ ဝင်ရောက်မီးငြှိမ်းသတ်နိုင်သောကြောင့် နေအိမ် ၁၀ လုံးခန့်သာ လောင်ကျွမ်းသည်ဟု သိရသည်။​

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တစ်လကြာတပ်စွဲပြီးနောက် ယနေ့ (ဧပြီ ၁၈) ပြန်လည်ထွက်ခွာချိန်တွင် မီးတင်ရှို့ထားခဲ့သည်ဟု ဒေသခံသုံးဦးထံမှ သိရသည်။

ကျွန်းလှမြို့မှ ၁၅ မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိ ကုန်းစည်းကျေးရွာကို စစ်တပ်က မတ်လကတည်းက တပ်စွဲထားခြင်းဖြစ်ကာ ယနေ့ နံနက် ၆ နာရီတွင် ရွာကို မီးရှို့ကာ အင်အား ၂၀၀ နီးပါးရှိ စစ်သားများ ထွက်ခွာသွားသည်ဟု ဆိုသည်။

စစ်တပ်ပြန်ထွက်သွားစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများ အချိန်မီ မီးငြှိမ်းသတ်နိုင်ခြင်းကြောင့် နေအိမ် ၁၀ လုံးသာ မီးလောင်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးက ပြောသည်။

“မနက် ၆ နာရီလောက်ကတည်းက မီးရှို့နေတာ။ (မနက်) ၈ နာရီလောက်မှာ မီးငြှိမ်းနိုင်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ မီးရှို့ပြီး တစ်နာရီလောက်နေတော့ ထွက်သွားတာ။ သူတို့ (စစ်တပ်) ပြန်ထွက်သွားတော့ ကျွန်တော်တို့ ဝင်ငြှိမ်းတာ” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ကပ်လျက်ရှိ ဝေလမူရွာကို စစ်ကောင်စီတပ်က မတ်လအတွင်း ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ် စီးနင်းပြီးနောက် ကုန်းစည်းရွာတွင် ဆက်လက်တပ်စွဲခဲ့ခြင်းဖြစ်သည်။

ဝေလမူရွာကိုလည်း စစ်တပ်က သင်္ကြန်ကာလအတွင်းဖြစ်သည့် ဧပြီ ၁၅ ရက်တွင် ထပ်မံမီးရှို့ကြောင်း ဒေသခံများက Myanmar Now ကို ယမန်နေ့တွင် ပြောဆိုထားသည်။

ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာ၌ PDF များ ရောက်ရှိနေကြောင်း သိရှိရ၍ ကျေးရွာ၏ တောင်ဘက်မှ ချဉ်းကပ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်နက်များ သိမ်းဆည်းရမိကြောင်း ပြီးခဲ့သည့် မတ် ၁ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ် ၄ ရက်ကလည်း ရွာအနီး တိုက်ပွဲဖြစ်ပြီး ဝေလမူရွာကာကွယ်ရေးအဖွဲ့ဝင် အမျိုးသားနှစ်ဦး၏ အလောင်းများကို နောက်တစ်နေ့ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ သိရသည်။​

စစ်တပ်က ပြန်ထွက်ခွာစဉ် ဖမ်းဆီးထားသည့် ကုန်းစည်းရွာမှ အမျိုးသားနှစ်ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကာ ယနေ့ ညနေ၌ ရွာအနောက်ဘက် ငါးမိုင်အကွာတွင်ရှိ ခပေါင်းစုရွာတွင် တပ်စွဲထားသည်ဟု သိရသည်။​

တပ်စွဲထားသည့် စစ်သားများသည် PDF များနှင့် ထိတွေ့ပစ်ခတ်ခြင်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ကုန်းစည်းရွာကို မီးရှို့သည်ဟု ကျွန်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံနောက်တစ်ဦးက ပြောသည်။

“PDF တွေက စစ်သားတွေ ရွာထဲ တပ်စွဲထားပြီဆို ပစ်တာခတ်တာတွေ မလုပ်တာများတယ်။ ကျေးရွာကို မီးရှို့မှာရော၊ ပြည်သူလူထုထိခိုက်မှာရော စိုးရိမ်လို့ ဘာမှမလုပ်ဘူး။ PDF တွေ မပစ်တာတောင် ဒီအတိုင်း မီးရှို့နေတာ” ဟု ဆိုသည်။

ကျွန်းလှမြို့နယ်အနောက်ဘက်ခြမ်းတွင် အင်အားအလုံးအရင်းနှင့် စစ်ကောင်စီ စစ်ကြောင်းထိုးနေခြင်းကြောင့် မတ်လဆန်းမှစ၍ ယနေ့အထိ ကုန်းစည်းနှင့် ဝေလမူအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“မပြေးနိုင် မလွားနိုင်ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကို ဘုန်းကြီးကျောင်းမှာ ထားကြတယ်ဗျာ။ လူငယ်လူရွယ်တွေကတော့ ဘေးလွတ်ရာ အကုန်ထွက်ပြေးနေရတယ်ဗျ။ ကျွန်တော်တို့က သူတို့လုပ်သမျှ ခံနေရတာ။ တောတွေထဲ ပြေးလွှားနေရတာ။ စားဝတ်နေရေးကအစ အဆင်မပြေတော့ဘူးဗျာ” ဟု ကုန်းစည်းရွာမှ သုံးမိုင်အကွာရှိ ဦးသျှစ်ကုန်းရွာ ဒေသခံတစ်ယောက်ကလည်း ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက မတ်လဆန်းပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ပြီး စစ်ကိုင်းတိုင်းရှိ မြို့ရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၉၀၀၀ ကျော် ပျက်စီးခဲ့ရာ ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း စစ်ကောင်စီလက်ချက်ဖြင့် ထိခိုက်ပျက်စီးမှုများကို စာရင်းပြုစုနေသော Data for Myanmar အဖွဲ့က ဧပြီ ၁၄ တွင် ထုတ်ပြန်ထားသည်။

Myanmar Now News