(RFA) မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ အရေးပေါ် ဆွေးနွေးပွဲတရပ်ကို မတ်လ ၂၄ ရက် ဒီကနေ့ နေ့ခင်းမှာ ပြုလုပ်မယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ အခြေစိုက်တဲ့ လုံခြုံရေးကောင်စီ အစီရင်ခံစာဌာနက မနေ့ညနေက သတင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီက ဆွေးနွေးဖို့ ကိစ္စကို မတ်လ ၂၃ ရက်နေ့ မနေ့က ကျင်းပတဲ့ ညီလာခံ အစည်းအဝေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စည်းဝေးဖို့ ကောင်စီအဖွဲ့ဝင်တွေရဲ့ တောင်းဆိုမှုအပေါ် အတွင်းရေးချုပ်ရုံးက ဘယ်လို စီစဉ်မလဲဆိုတာတော့ အခု သတင်းထုတ်ပြန်ချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရာထူးပြောင်းသွားတဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီနေရာမှာ ယာယီတာဝန်ယူထားတဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေး နမ်ဘီးယားက မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို အစီရင်ခံလိမ့်မယ်လို့ ပြောဆိုပါတယ်။

မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေမှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မရနိုင်အောင် ပိတ်ပင်ကန့်သတ်ထားတာနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးမယ်လို့ ခန့်မှန်းပါတယ်။ လောလောဆယ် ဒီအဆင့်မှာတော့ လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ဦးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ဒေါ်အောင်ဆန်းစုကြည် အမှု စီရင်ချက်ချအပြီးကတည်းက ရေတွက်ရင် ဒီတကြိမ်ဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ ကြားနာမှုဟာ ပထမဆုံး ဖြစ်ပါတယ်။
မတ်လ ၂၅ ရက်မှာတော့ လုံခြုံရေးကောင်စီဝင် ကြီး ၅ ကြီး အပါအဝင်၊ အီးယူ၊ သြစတြေလျ၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ တက်ရောက်မဲ့ မြန်မာနိုင်ငံအရေး မိတ်ဆွေနိုင်ငံများ သီးသန့် အစည်းအဝေး တရပ် ကျင်းပဖို့ ရှိပါတယ်။