ကျောက်တော်အိန္ဒိယစျေး လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားအစုအပြုံလိုက်သတ်ဖြတ်မှု ၁၁၅ ကြိမ်ကျော်ရှိလာ

မဇ္ဈိမ။ ။ အာဏာသိမ်းမှုနောက်ပိုင်း ငါးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝန်း အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် အနည်းဆုံး ၁၁၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၂,၃၂၄ ဦး သေဆုံးခဲ့ကြောင်း ISP-Myanmar ၏ Conflict & Security Tracker 2026 အရ သိရသည်။

အဆိုပါ သေဆုံးမှုများအနက် ၆၅ ရာခိုင်နှုန်းခန့်မှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း ISP-Myanmar က ဖော်ပြထားသည်။

စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားဝန်းကျင်ကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း အဆိုပါစာရင်းတွင် ပါဝင်သည်။

ISP-Myanmar ၏ စက်တင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်အထိ ကာလအတွင်း အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ် ၁၁၅ ကြိမ်ကျော်အနက် အနည်းဆုံး ၁၁၀ ကြိမ်မှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ၂,၂၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ မြန်မာစစ်တပ်နှင့် ၎င်းကိုထောက်ခံသူများမဟုတ်သည့် အခြားလက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည့်ဖြစ်စဉ် ငါးကြိမ်တွင် အရပ်သား ၉၇ ဦးထက်မနည်း သေဆုံးခဲ့သည်။

အရပ်သားများ အစုအပြုံလိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်များမှာ လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ISP-Myanmar ၏ အဆိုအရ မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် ကချင်၊ ရခိုင်နှင့် ကရင် စစ်မျက်နှာများတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်လာခဲ့ပြီး လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများလည်း တိုးမြှင့်လာခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် အရပ်သားများ အစုအပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေကြောင်း ISP-Myanmar က ဖော်ပြထားသည်။

အထူးသဖြင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် စစ်ရေးတင်းမာမှု မြင့်မားနေသည့် ဒေသများတွင် အရပ်သားများ ထိခိုက်နိုင်ခြေ အမြင့်ဆုံးရှိနေကြောင်း ဆိုသည်။

ထို့အပြင် အရပ်သားနေအိမ်များသာမက ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများပါ တိုက်ခိုက်ခံနေရသဖြင့် ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်ပေးနိုင်စွမ်းမှာ အလွန်နိမ့်ကျနေကြောင်း ISP-Myanmar က သုံးသပ်ထားသည်။

စစ်ရေးအနိုင်ရရှိရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများရှိ အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အရပ်သားသေဆုံးမှုနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများကို ပိုမိုမြင့်တက်စေပြီး ကျူးလွန်သည့် အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းများ ပိုမိုတိုးပွားလာနိုင်ကြောင်း ISP-Myanmar က သုံးသပ်ထားသည်။

MizzimaBurmeseNews