မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ နောက်ထပ် ရိုဟင်ဂျာတွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာ Mizanur Rahman က ဇွန်လ ၂၂ ရက်နေ့က ပြောလိုက်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြားတိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ မြန်မာနယ်စပ်မှာ စုရုံးနေကြတယ်ဆိုတဲ့သတင်း ထွက်ပေါ်နေတဲ့အပေါ် သူက အခုလို ပြောဆိုလိုက်တာပါ။

မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး နေ့စဉ်လူတွေ သေကြေနေကြကြောင်း၊ ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်ဆိုတာ ကြားသိရကြောင်း၊ သူတို့ဟာ Teknaf ခရိုင်အနီးက မြန်မာဘက်ခြမ်း နယ်စပ်မှာ စုရုံးနေကြကြောင်း သူက ပြောပါတယ်။

လက်ရှိ ရိုဟင်ဂျာမွတ်စလင် တစ်သန်းကျော် ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြကြောင်း ၊ ဒီဒုက္ခသည်တွေက မောင်တောနဲ့ အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ သူတို့ရဲ့ ဆွေမျိုးတွေအတွက် အလွန်စိုးရိမ်ပူပန်နေကြကြောင်း၊ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီတစ်သန်းကျော်နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ရိုဟင်ဂျာတွေကို ထပ်ပြီးလက်ခံလို့ မရတော့ကြောင်း Mizanur Rahman က ပြောပါတယ်။

RFA Burmese