စစ်ကောင်စီဟာ နယ်ခြားစောင့်တပ်တွေကို လက်နက်တွေလွှဲပြောင်းပေးသလို တရားဥပဒေမဲ့နေရာတွေ ဖန်တီးပေးပြီး အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို လုပ်ခွင့်ပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအသေးစားနဲ့ အပေါ့စားလက်နက်များ တရားမဝင် ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေးနဲ့ ပပျောက်ရေးအစည်းအဝေးကို ဇွန်လ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ သံအမတ်ကြီးက တင်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်အေးချမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ မိတ်ဖက်အဖွဲ့တွေထံကို လက်နက်တွေ လွှဲပြောင်းရောင်းချတာမျိုးမလုပ်ဖို့ သူက တောင်းဆိုခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ်မှာလည်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်သေဆုံးတွေရဲ့ အဓိကအကြောင်းအရင်းဟာ အသေးစားနဲ့ အပေါ့စားလက်နက်၊ ခဲယမ်းတွေကြောင့်လို့ ဖော်ပြထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အသေးစားနဲ့ အပေါ့စားလက်နက်များ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အစီအစဥ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ထောက်ခံတယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

လက်နက်တွေကို အာဏာရှင်တွေ၊ အကြမ်းဖက်သမားတွေနဲ့ ရာဇဝတ်မှု ကျူးလွန်သည့်အဖွဲ့တွေထံ မရောက်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့တားဆီးဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အပြစ်မဲ့အရပ်သား ၅,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး လူဦးရေ သုံးသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို လူဦးရေ (၁၈.၆) သန်းကျော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂထံ တင်ပြခဲ့ပါတယ်။

RFA Burmese