ဆူဒန်ကနေ ယူကရိန်း၊ အရှေ့အလယ်ပိုင်းကနေ မြန်မာနဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွေသာမက တခြားဒေသတွေမှာပါ ပဋိပက္ခ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လူဦးရေအများအပြား စံချိန်တင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားတဲ့ လူသားဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၁၂၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး မြန်မာနိုင်ငံမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းကျော် ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ လူပေါင်း တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦး (ဝိုင်းမော်မြို့နယ်)။ ။ “အခုစစ်ရှောင်လာတာဆိုလို့ ကျွန်မတို့က ဆယ်စုနှစ်လောက်တော့ ရှိလာပြီပေါ့နော်။ ၂၀၁၁ ခုနှစ်ကစတာ အခုက ၂၀၂၄ တောင် ရောက်ပြီပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ အခုချိန်ထိ မူရင်းရပ်ရွာကို အခုရော မပြန်နိုင်သေးဘူးပေါ့နော်။ ပြန်ဖို့ရော အရမ်းမျှော်လင့်တယ်။ ဒါပေမဲ့ အခု ကျွန်မတို့မျှော်လင့်ချက်က ပိုဆိုးသွားသလိုပဲပေါ့နော်။ ဘာလို့လဲဆိုတော့ အခုက နေရာတိုင်းမှာ စစ်တွေဖြစ်လာတယ်။ စစ်ရှောင်တွေတဲ့သူတွေကို တစ်ရက်ပြီးတစ်ရက် ပိုပြီးများလာတာပေါ့နော်။ ဒီစစ်ရှောင်တွေ ပိုများလာတဲ့အတွက်ကြောင့် ကျွန်မတို့ အိမ်ပြန်ဖို့မျှော်လင့်ချက် ပိုမဲ့လာသလိုမျိုး ခံစားရတာပေါ့”

မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းဒေသ ရခိုင်ပြည်နယ်မှာလည်း လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်လာခဲ့တဲ့တိုက်ပွဲတွေဟာ အခုလက်ရှိမှာ ပိုမိုပြင်းထန်နေပြီး ပြည်နယ်တစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ သုံးသိန်းကျော်အထိ ရှိနေပါတယ်။

ဦးအောင်မြင့် (အထက်မြတ်လှဲဒုက္ခသည်စခန်း၊ ပုဏ္ဏားကျွန်းမြို့နယ်)။ ။“ကျွန်တော်တို့ ဒုက္ခသည်ဖြစ်တာ အခုဆိုရင် ခြောက်နှစ်လောက် ရှိပြီဆိုတော့ မိမိနေရပ်ကို ပြန်ချင်ကြတာပါပဲ။ ဒါပေမဲ့ ပြန်ရမဲ့စရိတ်တောင် မရှိဘူး။ မိမိနေရပ်မှာ အိမ်တွေလည်း မရှိတော့ဘူး။ ပြီးရင် ကျွန်တော်တို့က တောင်ယာကိုပဲ မှီခိုပြီးလုပ်စားနေရတာ တောင်ယာလည်း လုပ်လို့မရှိဘူးဆိုတော့ ပြန်သွားရင်လည်း အခက်အခဲရှိမယ်။ ဒီမှာနေရင်လည်း စားရေး၊ သောက်ရေးက အခက်အခဲပဲ”

ဒုက္ခသည်ဘဝနဲ့ အချိန်ခုနစ်နှစ်ကြာ ဖြတ်သန်းနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ ကမ္ဘာ့ဒုက္ခသည်များနေ့ကိုရောက်တိုင်း ပိုပြီးဝမ်းနည်းရတယ်လို့ RFA ကို ပြောပါတယ်။

ကိုခင်မောင် (ရိုဟင်ဂျာဒုက္ခသည်စခန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ)။ ။ “ဒီနေ့ရောက်တိုင်း ကျွန်တော်တို့ ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့မှာ အနာဂတ်လည်းမရှိဘူး။ ပညာလည်း သင်ခွင့်မရဘူး။ အလုပ်အကိုင်လည်း ဘာမှမရှိဘူး။ ကုလသမဂ္ဂအနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်လို့ အလေးထားဖို့လိုတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း ဒီထက်မက ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့ ပြန်သွားနိုင်အောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံလိုပါတယ်”

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေသူတွေအထဲမှာ လွန်ခဲ့တဲ့ သုံးလကျော်က ပဲခူးတိုင်းအရှေ့ခြမ်း ပဲနွယ်ကုန်းမြို့နယ်က မခင်ရတနာစိုးနဲ့ မိသားစုသုံးဦးလည်း ပါဝင်ပါတယ်။

မခင်ရတနာစိုး (ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေသူ)။ ။ “ရွာမှာ တပ်တွေဝင်လို့လေ၊ ထွက်ပြေးကြရင်းက ဒီဘက်ကို လာခဲ့လိုက်တာ၊ လေယာဥ်ပျံက အဲဒီမှာ ရွာပေါ်ကနေ၊ ဘေးနားကရွာတွေမှာ PDF တွေရှိတယ်ဆိုပြီး သမီးတို့ရွာမှာတော့ PDF တွေမရှိဘူး။ အဲဒီဘေးနားကရွာတွေကို လာလာကြဲတာလေ။ ဗုံးနဲ့လှမ်းပစ်တော့ ထိတဲ့အိမ်တွေလည်း ထိကုန်တယ်။ ရွာကိုပြန် အိမ်ကိုပြန်မကြည့်နိုင်တော့ ဘယ်အိမ်တွေ မှန်ကုန်လဲတော့ မသိဘူး။ သမီးတို့ရွာထဲ လောင်တဲ့အိမ်တွေတော့ လောင်ကုန်တယ်။ ပါလာတဲ့အမေက အိမ်ပဲပြန်ချင်နေတယ်။ ရွာမှာက ခြံကျယ်နဲ့နေရတော့ ဒီမှာကျဥ်းကျဥ်းနဲ့နေရတော့ စိတ်တွေ ညစ်နေတယ်။ လယ်ထဲ လယ်ပဲလုပ်စားနေသူတွေဆိုတော့ လယ်ပဲလုပ်စားချင်တယ်။ ဒီဘက်ကမ်းမှာ အလုပ်တွေက မရဘူးလေ။ တစ်ယောက်ပဲရတယ်။ အလုပ်က လေးယောက်ပြေးလာတာ တစ်ယောက်ပဲရတယ်။ အမေရယ်၊ သမီးရယ်၊ ယောက်ျားရယ်၊ အစ်မရယ်၊ သမီးတို့ ဒီမှာအမျိုးတွေရှိတော့ လစာထုတ်ရင် ပြန်ပေးလိုက်၊ ချေးသုံးလိုက်နဲ့ ဒီလိုပဲလှည့်နေရတယ်”

သူများနိုင်ငံမှာ ခိုလှုံနေရတဲ့အချိန်မှာ သူ့နိုင်ငံရဲ့ဥပဒေနဲ့ ယဥ်ကျေးမှုကို လေးစားဖို့လိုတယ်လို့ မဲဆောက်မြို့က ရခိုင်ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာက ပြောပါတယ်။

နိုင်‌အောင်အောင် (ဒါရိုက်တာ၊ ရခိုင်ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့၊ မဲဆောက်မြို့)။ ။ “ဒီကမ္ဘာ့ဒုက္ခသည်နေ့မှာ တော်တော်များများက ကျွန်တော်တို့လက်ရှိအချိန်မှာ တစ်ချိန်တုန်းကတော့ ဒုက္ခသည်စခန်းတွေကလည်း များစွာရှိသေးတယ်။ ထိုင်းနယ်စပ်တစ်လျှောက်လုံးမှာ အဲဒီဒုက္ခသည်စခန်းမှာရှိတဲ့ လူတွေကိုတောင်မှ ပြဿနာတွေ နေ့စဥ်လိုလိုရှိနေတယ်။ နောက်ထပ်တစ်ခု စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါကျတော့ ဒုက္ခသည်စခန်းမှာပဲ ဒုက္ခသည်စခန်းထက် ဆိုးတဲ့ဒုက္ခသည်တွေက ပိုရောက်လာသေးတယ်။ ရောက်လာတဲ့အခါကျတော့ နေတဲ့အခါ ထိုင်းနိုင်ငံရဲ့ယဥ်ကျေးမှုဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ကိုယ့်ဒုက္ခသည်အချင်းချင်း အပြန်အလှန် လေးစားပြီးတော့ ကူညီဆောင်ရွက်ပေးဖို့လိုတယ်။ ကျွန်တော်တို့ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရောက်လာတဲ့ဒုက္ခသည်တွေရော အရင်တုန်းက ရှိတဲ့ဒုက္ခသည်တွေရော ဒုက္ခသည်က အမျိုးအစားတွေ တူတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် အရင်တုန်းကရောက်လာတဲ့ ဒုက္ခသည်တွေကတော့ ဒုက္ခသည်စခန်းတွေ ရှိကြတယ်။ တချို့သော ပုဂ္ဂိုလ်တွေမှာလည်း မိတ်ဆွေသူငယ်ချင်းတွေက တတိယနိုင်ငံတစ်ခုခုရောက်တဲ့အခါမှာ အပြန်အလှန် ကူညီဆောင်ရွက်ပေးနေလို့ရတဲ့အနေအထားမှာ ရောက်သွားပြီ။ သို့သော်လည်း လက်ရှိ စစ်တပ်အာဏာသိမ်းနောက်ပိုင်းမှာ ရောက်လာတဲ့ဒုက္ခသည်တွေရော၊ နောက်ပြီးတော့ စစ်မှုမထမ်းမနေရကိစ္စကြောင့် ထွက်လာတဲ့အုပ်စုတွေကရော ဒုက္ခရောက်လာတဲ့အခါကျရင်လည်း အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်တွေကို ရှိတဲ့လူက အကူအညီ တောင်းခံတာမျိုးတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်။ နောက်တစ်ခုက ကိုယ့်ကြောင့် တခြားဒုက္ခသည်တွေ ဒုက္ခမရောက်အောင် အလုပ်လုပ်တဲ့အခါမှာ သတိရှိရှိနဲ့ လုပ်ဆောင်ဖို့အတွက်လည်း အကြံပေးမျှဝေချင်တယ်”

ထိုင်းနိုင်ငံ နိုဖိုးဒုက္ခသည်စခန်းမှာ ၁၇ နှစ်ကြာနေပြီဖြစ်တဲ့သူတစ်ဦးကတော့ တတိယနိုင်ငံကိုပဲ အမြန်ထွက်ချင်တယ်လို့ ပြောပါတယ်။

ကိုမင်းမင်း (ထိုင်းနိုင်ငံ နိုဖိုးဒုက္ခသည်စခန်းမှာ ၁၇ နှစ်ကြာခိုလှုံနေသူ)။ ။“ဒုက္ခသည်များနေ့မှာ ကျွန်တော်တို့က ကမ့်ပ် (စခန်း) ထဲမှာ အရမ်းမွန်းကျပ်စွာ နေထိုင်နေရပါတယ်။ ကျွန်တော်တို့က ၁၇ နှစ်ရှိပြီဆိုတော့ နေရတဲ့အခြေအနေက လုံးဝမတိုးတက် မကောင်းမွန်လာဘူးဆိုတော့ အဲဒါက အဓိကသေချာတယ်။ စာရင်းယူတာတွေ ဘာမှမရှိဘူး။ အခြေအနေက ဘာမှမရှိဘူး။ ဒီအတိုင်းပဲ ပရောဂျက်က ဘာမှမလုပ်ဘူး။ အခြေအနေကတော့ ဘာမှမရှိဘူး။ ထိုင်းက ဘော်လီဘောပုတ်လိုက် ဒီဘက်က ဘော်လီဘောပုတ်လိုက်၊ ကျွန်တော်တို့နေနေတယ်ဆိုတာ ကျွန်တော်တို့က မြန်မာနိုင်ငံကို လုံးဝပြန်လို့မရတဲ့လူ၊ စောစီးစွာ တတိယနိုင်ငံကို ထွက်ခွာချင်ပါတယ်လို့ အဲဒါလေးပဲ ပြောချင်ပါတယ်”

နယ်စပ်တွေမှာ ခိုလှုံနေရတဲ့သူတွေရှိသလို ပြည်တွင်းမှာလဲ စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီရှိနေပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦး (ကနီမြို့နယ်၊ စစ်ကိုင်းတိုင်း)။ ။ “ကျွန်မတို့တတ်နိုင်တာလည်း ကျွန်မတို့ကူညီခဲ့တယ်။ ကျွန်မတို့မောင်လေးတွေ ကျွန်မတို့အဖေတွေဆိုရင်လည်း တောထဲမှာ နေကြတယ်ပေါ့နော်။ ဒီဘက်ကို စစ်ဘေးရှောင်အနေနဲ့ ရောက်လာတဲ့အခါကျတော့ ကလေးတွေ ကျောင်းနေလို့ မရဘူးပေါ့။ ခိုးကျောင်းမှာ ထားခဲ့လို့ဆိုပြီးတော့။ ကျွန်မတို့တင် မဟုတ်ဘူး။ ကျွန်မတို့လို စစ်ဘေးကနေ ပြေးနေတဲ့သူတွေအကုန်လုံးလည်း ခံစားခဲ့ရတယ်။ ကြုံရာကျပမ်းအလုပ်ကို လုပ်ရတယ်။ ပေါင်းပေါက်တွေ၊ မြေပဲစိုက်ချိန်ဆို သူများမြေပဲ စိုက်ခေါ်တဲ့အချိန်ဆိုမြေပဲ ဆီးသီးကောက် ခေါ်တဲ့အချိန်ဆို ဆီးသီး ကျွန်မတို့လိုက်လုပ်ရတယ်။ စားစရာတော့ အခက်အခဲကတော့ ဖြစ်နေကြတာချည်းပဲပေါ့။ ကျွန်မတို့တင် မဟုတ်ပါဘူး။ စစ်ပြေးတွေအကုန်လုံး ခက်ခဲနေကြတာပေါ့နော်”

တိုက်ပွဲများကြား ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ကိုင်းတိုင်း၊ အင်းစရွာမှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
တိုက်ပွဲများကြား ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ကိုင်းတိုင်း၊ အင်းစရွာမှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ကနီမြို့နယ်ကပဲ နောက်ထပ် စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦးကလည်း အခုလိုရင်ဖွင့်ပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦး (ကနီမြို့နယ်၊ စစ်ကိုင်းတိုင်း)။ ။ “အခုဆိုရင် ကျွန်တော်တို့မိသားစု စားဝတ်နေရေးမှာ ခက်ခက်ခဲခဲ ဖြေရှင်းနေရပါတယ်။ ဘယ်လိုဖြေရှင်းနေရလဲဆိုရင် ကျွန်တော်တို့မိသားစု တစ်ရက်တစ်ရက် စားဖို့သောက်ဖို့အတွက် ကြီးမားနေတဲ့ကုန်စျေးနှုန်းဒဏ်တွေကြောင့် ကျွန်တော်က ရရာလုပ်ငန်း တောင်သူပိုင်းကဏ္ဍတွေရော၊ လယ်ကူလီပေါ့ဗျာ။ လုပ်ရတယ်။ ပန်းရံလုပ်ရတယ်။ မလုပ်တတ်တာရော လုပ်တတ်တာရော ပိုက်ဆံရဖို့အတွက်။ စားဝတ်နေရေးပြေလည်ဖို့အတွက် ဖြေရှင်းနေရပါတယ်။ ကျွန်တော်တင်မကပါဘူး။ ကျွန်တော့်လိုပဲ စစ်ဘေးရှောင်တွေ မိသားစုတွေအများကြီး ဒုက္ခကြုံနေရတာ ရှိပါတယ်ဗျ”

ကယားပြည်နယ် လွိုင်ကော်က ထွက်ပြေးလာရတဲ့သူတစ်ဦးကတော့ အိမ်ပြန်ချင်ပြီလို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည် (လွိုင်ကော်)။ ။ “အိမ်ကြီးကိုက ဒီတိုင်းထားခဲ့ရတာ။ ဘာမှမသယ်နိုင်ဘူး။ အခုအဲဒါတွေက သူခိုးဖောက်လို့ ကုန်ရော။ ဒီဘက်ကို စစဦးဆုံးထွက်လာကတည်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့ရတဲ့အခါကျတော့ စားဖို့သောက်ဖို့ကို အနိုင်နိုင်ပေါ့။ ပြန်ချင်တာပေါ့။ မြန်မြန်လည်း ပြီးစေချင်နေပါပြီ။ ဒီလို အဖြစ်ဆိုးတွေကိုပေါ့”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒုက္ခသည်တွေကို လက်ခံကြိုဆိုဖို့၊ ကူညီထောက်ပံ့ဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို ထိန်းသိမ်းဖို့၊ အကာအကွယ်ပေးဖို့နဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် တစ်ကမ္ဘာလုံးက စု‌ပေါင်းတာဝန်ယူကြရမှာဖြစ်ပြီး ဒါမှသာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မှာဖြစ်တယ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

RFA Burmese