၂၀၂၄ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခံရသူများက တိမ်းရှောင်နေသဖြင့် ၎င်းလူငယ်များ၏ မိသားစုဝင် (၂၀)ကျော် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့သည်။ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခြင်းများ ရှိခဲ့ပြီး ဖမ်းဆီးခံရသူများအထဲတွင် အမျိုးသမီးများ ပါဝင်လာခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၆၀)ကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့သည်။