၂၀၂၄ ခုနှစ်၊ မေလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မေလ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် နှင့် စစ်ကိုင်း တိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ်တို့တွင် စစ်အာဏာရှင်တပ်၏ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုကြောင့် ပြည်သူ (၂၀) ကျော် သေဆုံးခဲ့ပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ဒေသခံ ပြည်သူ (၃၀)ကျော်ကို အစုလိုက် အပြုံလိုက် ဖမ်းဆီး ပစ်သတ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့မှ အမျိုးသားများ ကို စစ်မှုထမ်း အပတ်စဉ်(၂) အတွက် အဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး တွင် စစ်မှုထမ်းရန် ငြင်းဆိုသည့် လူငယ်(၇)ဦး အပါအဝင် မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ် ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၈၀)ကျော် သေဆုံးခဲ့ပြီး (၁၂၀)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ရသည်။