အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ထောင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ ပါဝင်ကာ ထောင်တွင်း၌ပင် မီးဖွားရသည့် အမျိုးသမီးများလည်း ရှိသည်။
မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာမှ ထွက်ပြေးလာသူများကို ယာယီခိုလှုံခွင့် ပေးသော်လည်း ကသည်းနှင့် ကူကီးလူမျိုးတို့ကြား ပဋိပက္ခဖြစ်ထားသည့် မဏိပူရ်ပြည်နယ်တွင်မူ မြန်မာနိုင်ငံမှ ဝင်လာသူများအား ဖမ်းဆီးထောင်ချထားသည်။
ထိုသို့ ဖမ်းဆီးထောင်ချခံခဲ့ရသူများထဲမှ ပထမဆုံးအသုတ်အနေဖြင့် အမျိုးသမီးနှင့် ကလေးငယ် ၃၈ ဦးကို အိန္ဒိယ ဘက်က မိုရေး-တမူးနယ်စပ်မှတဆင့် မေ ၂ ရက်တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
သို့သော် မဏိပူရ်ပြည်နယ် အင်ဖာထောင်တွင် မလွတ်မြောက်သေးသည့် မြန်မာနိုင်ငံသားများ ရှိနေသေးရာ ၎င်းတို့ အခြေအနေ အပါအဝင် မြန်မာပြည်မှ ထွက်ပြေးလာသူများအပေါ် အိန္ဒိယအစိုးရ၏ သဘောထားနှင့်ပတ်သက်၍ တိုက်တွန်းတောင်းဆိုမှုများ လုပ်နေသော အိန္ဒိယနိုင်ငံအခြေစိုက် India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ မဏိပူရ်ပြည်နယ်ထဲမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော် ရှိတယ်လို့ သိရတယ်။ ထောင်ထဲမှာ သူတို့ နေထိုင်ဖြတ်သန်းနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုများသိထားပါလဲ။
ဖြေ ။ ။ ထောင်ထဲမှာ မီးဖွားတာက မဏိပူရ် ထောင်မှာ ၅ ဦး၊ မီဇိုရမ်ကနေ နယူးဒေလီသွားဖို့ လုပ်ရင်း အာသံမှာ အဖမ်းခံရတဲ့ မြန်မာ ၂၇ ဦးထဲက အမျိုးသမီး ၁ ဦး အားလုံး ၆ ဦး ပေါ့။ တော်တော်ကျပ်တည်းတဲ့ အခြေအနေရှိတယ်။ Foreigner Act (တရားမဝင် ဖြတ်ကျော်နေထိုင်မှု) နဲ့ ထောင်ကျတာဆိုတော့ အမှုမကြီးရင် ၆ လနဲ့ ငွေဒဏ်ရိုက်တယ်၊ Foreigner Act ရဲ့ သဘောက ထောင်ကလွတ်ပြီးရင် သက်ဆိုင်ရာနိုင်ငံက လာခေါ်မှ Deportation (ပြည်နှင်ဒဏ်) ပေးတယ်၊ အခုလောလောဆယ် အမှုက ပြီးသွားပေမယ့် စစ်ကောင်စီဘက်က လာခေါ်မှသာ လွှဲလို့ရမယ့်ပုံမျိုး ဖြစ်နေ တာ။
ထောင်က လွတ်ပေမယ့် လာမခေါ်တော့ Foreigner Detention Center ထိန်းသိမ်းရေးစခန်းကို ရောက်ပြန်ရော အဲဒီမှာ ထောင်စည်းကမ်းအတိုင်းပဲ ဖြစ်နေတာပေါ့။ တချို့ အဖမ်းခံရတာ ၃ နှစ်လောက် ရှိကြပြီ၊ နောက် ပြည်နယ် ၂ ခုက ထောင် ၂ ခုမှာ ၁၈ နှစ်အောက်က ၃၀ ကျော်၊ ၄၀ လောက်ရှိတော့ ပညာသင်ရမယ့်အရွယ် ထောင်ထဲမှာ နှစ်ရှည် အပိတ်ခံထားရမယ့်သဘော ဖြစ်နေတယ်။ ၅ နှစ်အောက် ကာကွယ် ဆေးထိုးရမယ့် ကလေးက ၁၀ ဦးလောက် ရှိတယ်။ ဒါကြောင့် ၂၀၂၃ ဒီဇင်ဘာ ၁၆ မှာ မဏိပူရ်ဗဟိုထောင်မှာ အစာငတ်ခံ ဆန္ဒပြမှု ဖြစ်ခဲ့တယ်။ နောက်ပိုင်း မိသားစုနဲ့ တပတ်ကို ၁၀မိနစ် စကားပြောခွင့်ရတော့ သူတိုအခက်အခဲတွေ ပြောပြလို့ သိခွင့်ရတယ်။
ဒီတော့ အပြင်ကနေ စိတ်ခွန်အားပေးတာတွေ စလုပ်လာနိုင်တယ်။ တချို့လည်း လွတ်မယ်ဆိုပြီး ငွေတောင်းငွေညှစ် တာ ခံရသူ ၁၉ ဦးလောက်ရှိတယ်။ ငွေပမာဏကတော့ တဦးကို မြန်မာငွေ သိန်း ၂၀ နဲ့ညီတဲ့ အိန္ဒိယ ရူပီး ၅ သောင်း ပါ။ တချို့ဆန္ဒပြလို့ ရိုက်နှက်ခံရတာတွေလည်း ရှိတယ်။ စစ်ကောင်စီ လက်အောက်မှာ ထောင်ကျနေတဲ့သူ တွေရဲ့ အခြေအနေနဲ့ ထပ်တူနီးပါးရှိတယ်လို့ ဆိုလို့ရပါတယ်။
မေး ။ ။ ထောင်ထဲမှာပဲ မီးဖွားလိုက်ရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လောလောဆယ် ကလေးတွေက နိုင်ငံမဲ့ပုံစံ ဖြစ်သွားတာပေါ့။ အိန္ဒိယကလည်း မွေးစာရင်းထုတ်မပေးဘူး။ မြန်မာစစ်ကောင်စီကလည်း မထုတ်ပေး။ NUG ကလည်း ဘာမှမတတ်နိုင်ဆိုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ အခုအချိန်ထိ ကာကွယ်ဆေးလည်း တခါမှမထိုးရဘူး။ အစက ကလေးတွေ ထောက်ပံ့ကြေးရမယ် သက်ဆိုင်ရာက ပြောလာတယ်။ အခုတော့ ကလေးတိုက်ဖို့ နို့မှုန့်လေးတောင်မရတဲ့ အခြေအနေ ဖြစ်နေတယ်၊ အာသံနဲ့ မဏိပူရ်တို့ဆိုတာ မြေပြန့်ဖြစ် တဲ့တော့ ထောင်ကလည်း အင်မတန်ပူတဲ့ အခြေအနေပါ။ ပန်ကာတောင်မှ မရတဲ့အနေအထားဆိုတော့ မွေးကင်းစ ကလေးတွေအတွက် တော်တော်လေး ဒုက္ခရောက်တဲ့အနေအထားပဲ။
မေး ။ ။ ဒီလိုအဖမ်းခံရမှုတွေက မဏိပူရ်ပြည်နယ်ထဲက ကူကီးနဲ့ ကသည်းလူမျိုးတွေကြားဖြစ်တဲ့ ပဋိပက္ခနဲ့ရော ဆက်စပ်မှုရှိပါသလား။
ဖြေ ။ ။ စစ်ကောင်စီ အာဏာသိမ်းပြီးချိန် မဏိပူရ်ပြည်နယ်မှာ ပဋိပက္ခတွေမစခင် အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံ သားတွေကို လက်မခံဖို့၊ လက်ခံထားရင် ပြန်မောင်းထုတ်ဖို့ ပြောတာရှိတယ်။ မီဇိုရမ်ပြည်နယ်ကတော့ မြန်မာနယ်စပ် က ပြည်သူတွေဟာ နိုင်ငံသာခြားတာ လူမျိုးတူ ညီအစ်ကိုတွေဖြစ်တာမို့ လူမျိုးရေးအရ ပတ်သက် ဆက်နွယ်တာ ကြောင့် ကျနော်တို့လူမျိုးတွေ ဖြစ်တယ် ပြန်မမောင်းထုတ်နိုင်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။
ဒါပေမယ့် မဏိပူရ်ဘက်မှာကတော့ လူမျိုးတူမျိုးနွယ်စုတွေ ရှိပေမယ့် လူနည်းစုတွေ ဖြစ်နေတယ်။ အရင်တုန်းက မြန်မာစစ်ရှောင်တွေကို ကူညီမယ် ဆိုပေမယ့် နောက်ပိုင်း ဗဟိုအစိုးရ BJP ပါတီကလည်း မဲနိုင်နေတော့ ဗဟိုဖိအားကို မလွန်ဆန်နိုင်ဘဲနဲ့ မြန်မာနိုင်ငံသားတွေကို လက်မခံချင်တဲ့ ပုံစံဖြစ်လာပြီး ပြန်မောင်းထုတ်တာတွေ ဖြစ်လာတယ်။
တဆက်တည်းမှာပဲ မဏိပူရ်ပြည်နယ်ထဲမှာ ပဋိပက္ခကလည်း ဆက်တိုက်ဆိုသလို ဖြစ်လာတော့ ဒါတွေဟာ မြန်မာ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တိုးလာတယ်။ ပထမ စွပ်စွဲချက်ကတော့ ကူကီးချင်းတွေက စစ်ရှောင်တွေကို အိန္ဒိယနိုင်ငံသားကတ်တွေ တရားမဝင်နည်းနဲ့ လုပ်ပေးပြီး လူဦးရေတိုးပွားအောင်လုပ်တယ်။ လူနည်း စုကနေ လူများစုဖြစ်အောင်လုပ်တယ်ဆိုတဲ့ တိုက်ခိုက်မှုနဲ့ ကြုံရတယ်။ ဒုတိယစွပ်စွဲချက်က ပဋိပက္ခတွေဟာ မြန်မာဘက်က နိုင်ငံရေးပယောဂ ပါတယ်ပေါ့။
အဲဒီကစလို့ မဏိပူရ်နယ်အတွင်း ဖမ်းဆီးတာတွေလုပ်တယ်။ အထူးသဖြင့် Foreigner Act ကို သုံးပြီး တရားမဝင် ဝင်ရောက်မှုနဲ့ ထောင်ထဲထည့်တာများတယ်။ ဖမ်းတဲ့အချိန် စာရွက်စာတမ်း၊ အထောက်အထားအတု လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ၊ မြန်မာနိုင်ငံသား တော်တော်များများက မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်တွေကို ဖြတ်ပြီး နယူးဒေလီက UNHCR ရုံးကို ကတ်လုပ်ဖို့ UNHCR Protection ယူဖို့ သွားကြတာကြောင့် ဒါကို အခြေခံပြီး အဲဒီလမ်းကြောင်းမှာ သုံးတဲ့ကတ်တွေ စာရွက်စာတမ်းတွေ မပြည့်စုံဘဲ မဏိပူရ်ကနေ နယူးဒေလီကို သွားဖို့လုပ်တယ်ဆိုပြီး ဖမ်းတယ်။ ဒါတွေဟာ နိုင်ငံရေးဆိုတော့လည်း အကွက်ကျကျ စီစဉ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်သလို တိုက်ဆိုင်မှုလည်း ဖြစ်နိုင် တယ်။ သေချာတာကတော့ မဏိပူရ်ပြည်နယ်မှာ အဖမ်းခံရတဲ့သူ တော်တော်များများဟာ မြန်မာနိုင်ငံသားတွေ ဝင်ရောက်ဖြတ်ကျော်မှုကို လက်မခံတားဆီးချင်တဲ့ ရည်ရွယ်ချက်ကနေစတယ်လို့ ခေါ်လို့ရပါတယ်။
မေး ။ ။ ကသည်းနဲ့ ကူကီးတို့ရဲ့ ပဋိပက္ခဟာ အိန္ဒိယကို လာခိုလှုံမယ့် မြန်မာနိုင်ငံသားတွေအပေါ် သက်ရောက်မှု ဘယ်လောက်ကြီးပါသလဲ။
ဖြေ ။ ။ အိန္ဒိယနိုင်ငံထဲ ဝင်လာတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက်က ပြည်နယ်တခုနဲ့တခု ဖြတ်ကျော်လာ တဲ့ အပေါ် မူတည်ပြီး ကွာခြားမှုရှိတာပေါ့။ ဥပမာ မီဇိုရမ်ပြည်နယ်ဘက်ကနေ ဖြတ်လာတဲ့သူတွေအတွက် ထွေထွေ ထူးထူး လုံခြုံရေး စိုးရိမ်မှု အခက်အခဲ မရှိဘူး။ ဒါပေမယ့် ကိုယ်ထူကိုယ်ထ ရုန်းကန်နိုင်မှသာ အိန္ဒိယဘက်ကို ဝင်လာ တာက အသင့်တော်ဆုံးပေါ့။ ဒီလိုမဟုတ်ဘဲ ဒီတိုင်းဝင်လာပြီး စစ်ရှောင်စခန်းမှာနေဖို့ဆိုရင် စနစ်တကျနဲ့ လုပ်တယ်ဆို တာထက် သူ့အုပ်စုနဲ့ သူ နီးစပ်ရာစုပေါင်းနေထိုင်မှုက ပိုများတဲ့အခါကျတော့ တော်တော်လေးမလွယ်တဲ့ကိစ္စ ဖြစ် တယ်။
သို့သော် မဏိပူရ်ဘက်က ဝင်လာတဲ့ဟာတွေဆိုရင် လုံခြုံရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာတွေမှာ တော်တော်လေး စိုးရိမ်စရာရှိပါတယ်။ အခုဆိုရင် မဏိပူရ်ပြည်နယ်မှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၉ ဦး ရှိနေတယ်ဆိုတာ ကျနော်တို့ စာရင်းအတိအကျ ပြုစုထားနိုင်ပါတယ်။ အဲဒီလိုပုံစံဖြစ်တော့ အခုအချိန်မှာ မြန်မာနိုင်ငံက ဝင်လာရင် ဖမ်းခံရနိုင်ခြေလည်းရှိတယ်။ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ပတ်သက်ပြီး အကျပ်အတည်း ကြုံရနိုင်ခြေ ရှိတယ်။
အများအားဖြင့် နယူးဒေလီမှာနေတဲ့သူတွေ၊ UNHCR စောင့်ရှောက်မှုအောက်မှာ ရှိတဲ့သူတွေကလည်း သူ့ပုံစံနဲ့သူ ခက်ခဲမှုတွေက ရှိတယ်။ အိန္ဒိယဘက်ကို ဝင်လာတယ်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ လုံခြုံမှုမရှိလို့ ဝင်လာတာ ပိုများ ပြီး နိုင်ငံခြားကနေ မိသားစု အထောက်အပံ့ ရှိတဲ့သူတွေလောက်ပဲ ခိုလှုံလို့ရတဲ့ အခြေအနေ အခင်းအကျင်းမျိုးပါ။
မေး ။ ။ လက်ရှိ အိန္ဒိယထောင်ထဲကျန်နေသေးတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီဘက်ကရော ဆက်ပြီးတော့ ပြန်လည်ခေါ်ယူမယ့် အခြေအနေ ရှိပါသလား။
ဖြေ ။ ။ ရက်အတိအကျတော့ မသိဘူး လွန်ခဲ့တဲ့လက စာထုတ်ထားတာတော့ ရှိတယ်။ မဏိပူရ်ပြည်နယ်အစိုးရက ပထမအသုတ် ၇၇ ဦး မြန်မာနိုင်ငံ ပြန်ပို့ဖို့ လုပ်နေတယ်။ ၃၉ ဦးကတော့ အာသံရိုင်ဖယ်ရဲ့ တပ်စခန်းမှာပါ။ ဒါပေမယ့် စစ်ကောင်စီရဲ့ တမူးနယ်စပ်ဂိတ်က တာဝန်မယူတော့ လေယာဉ်နဲ့ ပြန်ခေါ်ရမလိုဖြစ်နေတယ်။ စစ်ကောင်စီက အကုန် အကျများတဲ့ဟာမျိုး လုပ်ချင်ပုံမရဘူး၊ မဏိပူရ်ပြည်နယ် အစိုးရကို ကျနော်တို့ တောင်းတာက စစ်ကောင်စီ ဘက်ကို ပြန်မပို့ဘဲနဲ့ ပြည်တွင်းမှာလွှတ်ပေးပြီး သူတို့ အစီအစဉ်နဲ့ သူတို့ လုံခြုံစွာအိမ်ပြန်နိုင်ရေး လုပ်ပေးဖို့ပဲ။ ဘာကြောင့်ဆို တော့ အသက်ပိုင်းဆိုင်ရာအရ လူလတ်ပိုင်း ၃၀ အောက်က ပိုများနေလို့ပါ။
သူတို့ကိုလွှတ်ဖို့ မဏိပူရ်ပြည်နယ်အစိုးရ ဆုံးဖြတ်ခဲ့တာကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့ နောက်ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိသလို ပြည်နယ်အစိုးရ ကလည်း စိိုးရိမ်ကြောင်း အသံထွက်ခဲ့တာရှိပေမယ့် အခြေအနေကို ကျနော်တို့ မေးမြန်းတဲ့အခါ စစ်ကောင်စီလာခေါ်ရင် ပြန်ပို့မယ် တချို့ဆိုရင် ဒီနေ့အထိ နယ်စပ်မှာပဲထားထားတဲ့ အနေအထား ဖြစ်နေပြန်ရော အိန္ဒိယရွေးကောက်ပွဲပြီးမှ တက်လာတဲ့ အစိုးရ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး သူတို့ရဲ့အနာဂတ်တွေက မှီခိုနေတဲ့အနေအထား ဖြစ်နေတယ်။
မေး ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရကို တောင်းဆိုတာလား။ ပြည်နယ်အစိုးရကို တောင်းဆိုတာလား။ တောင်းဆိုချက်အပေါ်မှာ ဘယ်လိုတုံ့ပြန်ပါသလဲ။
ဖြေ ။ ။ ပြည်နယ်အစိုးရရော ၊ ဗဟိုအစိုးရရောပဲ။ ဒါပေမယ့် ဗဟိုအစိုးရကျတော့ တရားဝင်စာနဲ့ ထုတ်ပြန်တာ မရှိဘူး။ ကျနော်တို့ ပုံမှန်ဆက်သွယ်နေကျလမ်းကြောင်းနဲ့ ဆက်သွယ်တော့ အဲဒီလမ်းကြောင်းမှာ ရှိတဲ့သူတွေကတော့ အရမ်းကြီးမစိုးရိမ်ဖို့နဲ့ ဒီတိုင်းကြီးတော့ လုံခြုံရေးအာမခံချက်မရှိဘဲနဲ့ ပြန်လွှတ်လိမ့်မယ် မထင်ဘူးပေါ့။ မလွှတ်ပါဘူး လို့တော့ ပြောတယ်။
မေး ။ ။ မြန်မာပြည်က ထွက်ပြေးလာတဲ့သူတွေနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ လက်ရှိမူဝါဒကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အိန္ဒိယရဲ့မူဝါဒက မကြာခဏ ပြောင်းနေတယ်လို့ ဆိုရမယ်၊ အာဏာသိမ်းခါစတုန်းက ဗဟိုက လုံးဝလက် မခံဖို့ပြောပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရက တင်းခံပြီးလုပ်လာတော့ ဗဟိုက ငွေကြေးအနည်းငယ် ပံ့ပိုးကူညီတာတွေ ရှိလာတယ်။ မဏိပူရ်ပြည်နယ် ပဋိပက္ခမှာဆိုရင်လည်း အစက မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲတာ တွေ ရှိတယ်။
နောက် ဗဟိုအစိုးရ တာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံသား ထိန်းသိမ်းခံရ သူတွေကို ဖမ်းပြီး ပြန်ပို့တာ မလုပ်ပါဘူး။ ကျနော်တို့ အတတ်နိုင်ဆုံး မြန်မာနိုင်ငံ မတည်ငြိမ်မချင်း စောင့်ရှောက်ပါမယ် ဆိုတာတွေလည်း ရှိတယ်။ ဒီကြားထဲ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ပြန်ပို့ဖို့ လုပ်နေတာတွေလည်း ရှိတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ လောလောဆယ် အိန္ဒိယရဲ့ ရပ်တည်ချက်က ဒါဟာ သူ့မူပါဆိုပြီး လက်ဆုပ်လက်ကိုင်ပြ စရာ မရှိဘူးလို့ ပြောလို့ရတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ပြောဆိုလုပ်ကိုင်မှုအပေါ်မှာပဲ မူတည်နေတဲ့ အနေအထား ဖြစ်နေတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယမှာ ကောင်းမွန်ခိုင်မာတဲ့မူ မရှိသေးတာလား။ မကြာခဏ မေးခွန်း ထုတ်ရမယ့်ဟာ ရှိပါတယ်။
မေး ။ ။ ထောင်ထဲမှာ အခက်အခဲတွေ့နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အလားအလာကို ဘယ်လိုများ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ ဘာဆက်ဖြစ်မလဲတော့ ကျနော်တို့ ကြိုပြောလို့မရဘူး။ သူတို့ ဒုက္ခမရောက်အောင် ကျနော်တို့ India for Myanmar အနေနဲ့ သက်ဆိုင်ရာတွေကို အမြဲတိုက်တွန်းတာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ တွေရှိရင်လည်း ကန့်ကွက်ရှုတ်ချတာတွေ ရှိတယ်။ အိန္ဒိယအနေနဲ့ ဒီမိုကရေစီအရေးကို ကူညီလာအောင် လုပ်တယ်။ အဆိုးဘက်က မျှော်လင့်တာထက် အကောင်းဘက်ကနေ ဖြစ်လာအောင် တွန်းနေတဲ့ ပုံစံမျိုးဖြစ်တော့ ကျနော်တို့ လုပ်ဆောင်ချက် တွေကို သူတို့က နားထောင်ပေးတယ် ဆိုရင် အလိုလိုဖြေရှင်းပြီးသားဖြစ်မှာပေါ့။
လောလောဆယ် အခြေအနေအထိကတော့ အဆိုးကြီးဖြစ်လာမယ်လို့ မျှော်လင့်ချက်မထားဘူး။ အိန္ဒိယဟာ မြန်မာရဲ့ တခုတည်းသော အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကျန်တဲ့ဟာ မကူညီရင် တောင် လူသားချင်းစာနာ ထောက်ထားမှုအရ အိန္ဒိယနိုင်ငံဘက်ကို ဝင်လာတဲ့သူတွေကို လူသားဆန်ဆန် နေထိုင်ခွင့် ပေးဖို့ကို ကျနော်တို့ တွန်းနေပါတယ်။
မေး ။ ။ India for Myanmar အနေနဲ့ မြန်မာပြည်က ထွက်ပြေးလာသူတွေနဲ့ပတ်သက်လို့ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ ဘာတွေ ကူညီပေးနေပါသလဲ။
ဖြေ ။ ။ အမှန်တကယ်ဆိုရင် ကျနော်တို့က အိန္ဒိယရဲ့ လက်ရှိ မြန်မာ့အရေးအပေါ် ရပ်တည်ချက် ပြောင်းလဲလာဖို့ Advocacy လုပ်တဲ့အပိုင်းကိုပဲ အဓိကလုပ်ပါတယ်။ ပြောမယ်ဆိုရင် နိုင်ငံရေးလှုပ်ရှားမှုပဲ လုပ်ပါတယ်။
ဒီလို ဖမ်းဆီးမှုတွေ ရှိလာတဲ့အခါမှာ ဖမ်းဆီးခံရသူတွေအရေးကို တတ်နိုင်သလောက်လုပ်နေတာ ရှိတယ်။ ကျနော်တို့ လုပ်နေတာကလည်း ဥပဒေလမ်းကြောင်းအရ တရားဝင် ဘာမှလုပ်ပိုင်ခွင့်မရှိတော့ ဖမ်းဆီးခံရသူတွေရဲ့ နစ်နာချက် တွေ၊ အခက်အခဲတွေ ၊ ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်ကလူတွေဟာ တကယ့် အခက်အခဲကြုံနေ သူတွေဖြစ်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အစိုးရတာဝန်ရှိသူတွေ သူတို့အခက်အခဲကို သိအောင် ထုတ်ဖော် ပြောဆိုမှုတွေလုပ်တယ်။ နိုင်ငံတကာသိလာအောင်လည်း လုပ်ပေးနေတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အိတ်ဖွင့်ပေးစာ ပေးပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေ ရှိပါတယ်။ လက်ရှိ လုပ်နေတာတွေကတော့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး လျစ်လျူရှုသလို လုပ်နေတာတွေကို လျစ်လျူရှုတာမလုပ်ဖို့၊ မြန်မာနိုင်ငံအရေး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာဖို့ Advocacy လုပ်ပါတယ်။