လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်တား မြစ်ခြင်း (Obstruction of Freedom of Expression Assembly)

(က) နိုင်ငံတကာ ဥပဒေအရ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်တား မြစ်ခြင်းကို မည်သည့် အင်္ဂါရပ်များဖြင့် သတ်မှတ်ထားသနည်း။          လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်တားမြစ်ခြင်းကို လူ့အခွင့်အရေးချိုး ဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန် အတွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၃) ရပ် ထင်ရှားကြောင်း သက်သေတင်ပြရပါမည်။

၁။ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်ကို ကြားဝင်နှောင့်ယှက်ခြင်း

၂။ တရားမဝင် ဆောင်ရွက်မှု

၃။ အစိုးရ၏ ဆောင်ရွက်မှု တို့ ဖြစ်သည်။

(ခ) မည်သည့်အချက်များက ကြားဝင် နှောက်ယှက်မှု မြောက်ပါသနည်း။          လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် စုဝေးခွင့်အပေါ် ဖိနှိပ်ရန်အလို့ဌာ အစိုးရဌာန၊ အဖွဲ့အစည်းတခုခုက ပြုလုပ်သော မည်သည့် ဆောင်ရွက်မှုမဆို “ကြားဝင်နှောက်ယှက်ခြင်း”အဖြစ် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများအရ လူ့အခွင့်အရေးချိုးဖောက်မှု မြောက်စေပါသည်။ “ကြားဝင်နှောက်ယှက်ခြင်း” ၏ပမာဏ အတိုင်းအဆ အနဲအများနှင့် သက်ဆိုင်မှုမရှိပါ။ လွတ်လပ်စွာ ဖော်ပြခွင့်နှင့်စုဝေးခွင့် အခွင့်အရေးများကို တနည်းနည်းဖြင့် အနဲအကျဉ်း အနှောက်အယှက် ဖြစ်စေသည်ဖြစ်စေ၊ လုံးလုံးလျားလျား တင်းကြပ် ကန့်သတ်သည်ဆိုသည့် အတိုင်းအတာဖြစ်စေ ကြားဝင်နှောက်ယှက်ခြင်းမြောက်သည်။ “ကြားဝင် နှောက်ယှက်ခြင်း” ပုံစံသည်လည်း အလားတူ သက်ဆိုင်မှုမရှိပါ။ကန့်သတ်ထားသော ဥပဒေများ၊  ဒီဂရီများ၊ အမိန့်များ၊  တရားရုံးဆုံးဖြတ်ချက်များနှင့်  ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များစသဖြင့် အားလုံးပါဝင်သည်။