မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သော Lutheran World Federation (LWF) သည် လုပ်ခလစာအရေး ရုံးတွင်း သပိတ်မှောက်ကြသည့် ရခိုင်ပြည်နယ် စစ်တွေရုံးခွဲမှ ဝန်ထမ်း ၈၀ ကို စက်တင်ဘာ ၄ ရက်တွင် တစ်ပြိုင်နက်တည်း အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဝန်ထမ်းများထံမှ သိရသည်။
ဝန်ထမ်းများက ယူရိုငွေကြေးဖြင့် ရရှိသည့် ၎င်းတို့လစာအတွက် ယူရို-ကျပ် ငွေလဲနှုန်းကို စျေးကွက်ပေါက်စျေးဖြင့် တွက်ချက်ရန် တောင်းဆိုခဲ့သော်လည်း အဖွဲ့အစည်းက စစ်ကောင်စီ ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းဖြင့်သာ တွက်ချက်ပေးချေသဖြင့် အငြင်းပွားခဲ့ကြခြင်းဖြစ်သည်။
ဥရောပနိုင်ငံများတွင် အသုံးပြုသည့် ယူရိုငွေကြေး၏ စက်တင်ဘာ ၈ ရက် ယနေ့တွင် စျေးကွက်ပေါက်စျေးအရ ၁ ယူရိုလျှင် ၃၇၁၅ ကျပ်အထိ ရှိနေသော်လည်း စစ်ကောင်စီသတ်မှတ်ချက်တွင် ၁ ယူရိုလျှင် ၂၂၅၀ ကျပ် ပြား ၃၀ သာရှိသည်။
“အခုက ငွေလွှဲနှုန်းတွေလည်း တက်လာတယ်။ မြန်မာငွေတန်ဖိုးကလည်း အရမ်းကျလာတယ်။ ကုန်စျေးနှုန်းတွေလည်း အရမ်းစျေးကြီးလာတယ်။ ပြီးတော့ စစ်တွေမှာဆိုရင်လည်း မိုခါဆိုင်ကလုန်း တိုက်ပြီးတဲ့နောက် အဆမတန်စျေးတွေတက်သွားတယ်” ဟု ငွေလဲနှုန်း ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ရသည့် အကြောင်းပြချက်ကို အလုပ်ထုတ်ခံ LWF ဝန်ထမ်းတစ်ဦးက ပြောသည်။
ငွေလဲနှုန်းကို ပြင်ဆင်ပေးရန် တောင်းဆိုချက်ကို LWF က ငြင်းဆန်ခဲ့ပြီးနောက် ဝန်ထမ်းတို့က သြဂုတ် ၁၄ မှ ၁၈ အထိ ရုံးတွင်း အသံတိတ်ဆန္ဒပြကြကြောင်း ၎င်းက ဆိုသည်။
တောင်းဆိုချက် မအောင်မြင်သဖြင့် သပိတ်ကို နောက်ထပ်သီတင်းနှစ်ပတ် ထပ်တိုးချိန်တွင် ဆန္ဒပြဝန်ထမ်း ၈၀ ကို အလုပ်ထုတ်ကြောင်း LWF ၏ မြန်မာပြည်ဆိုင်ရာတာဝန်ခံက E-mail မှတစ်ဆင့် အကြောင်းကြားခဲ့သည်ဟု သူက ပြောသည်။
အလုပ်ထုတ်ခံရသူများထဲမှ အခြားအမျိုးသမီးတစ်ဦးကလည်း ဝန်ထမ်းများ အနိုင်ကျင့်ခံရခြင်းဖြစ်သည်ဟု ပြောသည်။
“ကျွန်မတို့ရဲ့ တောင်းဆိုချက်ကို စာနာမှုရှိရှိနဲ့ မဖြေရှင်းပေးဘဲနဲ့ အခုလိုမျိုး အာဏာသုံးပြီးတော့မှ အကြမ်းနည်းနဲ့ ကျွန်မတို့ကို အခုလိုမျိုး ထုတ်ပယ်လိုက်တဲ့အတွက်ကြောင့်မို့လို့ မတရားဘူးလို့ ခံစားရပါတယ်” ဟု သူက ပြောသည်။
စစ်တွေမြို့ရှိ အဆိုပါရုံးတွင် ဝန်ထမ်း ၉၀ ကျော်ရှိပြီး အသံတိတ်သပိတ်ဆန္ဒပြရာတွင် မူလက အားလုံးပါဝင်ခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ၈၀ သာ ဆက်လက် ပါဝင်ခဲ့သည်။ အလုပ်ပယ်ခံရသူများမှာ အမျိုးသမီး ၃၇ ဦး၊ အမျိုးသား ၄၃ ဦးတို့ဖြစ်သည်။ ထိုအထဲတွင် နို့တိုက်မိခင် ၄ ဦး၊ ကိုယ်ဝန်ဆောင် ၄ ဦး ပါဝင်သည်ဟု ဆိုသည်။
LWF ဘက်က အဆိုပါဖြစ်ရပ်အတွက် စက်တင်ဘာ ၈ မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
Myanmar Now က LWF ၏ ရန်ကုန်ရုံးထံ တယ်လီဖုန်း၊ အီးမေးတို့ဖြင့် ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားမှု မရသေးပါ။ LWF သည် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။