၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၁)ရက်မှ (၇)ရက်အတွင်းတွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူ(၇၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စက်တင်ဘာလ(၃)ရက် နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာမြို့နယ်မှ စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ အဆောင်နေ အမျိုးသမီး(၁၁)ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက် ရိုက်နှက်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသမီး (၁)ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦးတို့ သေဆုံးခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်တို့တွင် ထောင်ဝင်စာပစ္စည်းပေးပို့မှုများကို ကန့်သတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်ဌာနမှ မီတာမဆောင်လျှင် မီတာပုံးဖြုတ်မည်ဟု သတိပေးစာများဖြန့်ဝေခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် တပတ်တွင်း ပြည်သူ (၁၄)ဦး သေဆုံးခဲ့ပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ စစ်အာဏာရှင်တပ်သားများက ပြည်သူများနေထိုင်ရာ နေရာများကို စစ်ကြောင်းထိုးဝင်ရောက် ပစ်ခတ်၊ မီးရှို့မှုများ ပြုလုပ်နေသောကြောင့် တပတ်အတွင်း နေရပ်စွန့်ခွာမှုများ (၈)ကြိမ်ကျော် ပြုလုပ်ခဲ့ကြသည်။