စက်တင်ဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်းအလယ်ပိုင်း ရွှေဘိုမြို့ရှိ စစ်ကောင်စီလက်နက်ကိုင်တို့ ပစ်ခတ်သဖြင့် ခရီးသည်တစ်ဦး သေဆုံးသွားကြောင်း မျက်မြင်သက်သေ ဒေသခံများက ပြောသည်။

သေဆုံးသူသည် ကောလင်းမြို့နယ် ညောင်ပင်လှကျေးရွာမှ အသက် ၆၀ အရွယ် ဦးပေါ်ထွန်းဖြစ်ပြီး မန္တလေးမြို့တွင် အဆုတ်ရောဂါကုသပြီး ပြန်လာသူ ဖြစ်သည်။

ရွှေဘိုမြို့တောင်ဘက် စစ်ဆေးရေးဂိတ်ရှိ စစ်သားများက ဆိုင်ကယ်တစ်စီးကို လိုက်လံပစ်ခတ်စဉ် ရပ်ထားသည့် ခရီးသည်တင်ကားကိုပါ ပစ်ခတ်မိခြင်း ဖြစ်သည်။

“နေရာတင် ပွဲချင်းပြီးပဲ၊ ခေါင်းထိထားတာ၊ ညာဘက်ခေါင်းတစ်ခြမ်း ပါသွားတာ၊ ဆိုင်ကယ်ကို ရှေ့က ဂိတ်နှစ်ဂိတ်က တားတာ မရပ်ပေးတော့ တတိယဂိတ်ကနေ ဆော်လိုက်တာ၊ ဆိုင်ကယ်မထိဘဲ ကားသွားမှန်တာ” ဟု အလောင်းကောက်ရာတွင် ကူညီခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ကားမောင်းသူလည်း မှန်ကွဲစများ စိုက်ဝင်သွားသဖြင့် ဒဏ်ရာများရရှိသွားသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ကားပေါ်မှ ခရီးသည်အားလုံး ဆင်းလမ်းလျှောက်ရကာ တစ်ယောက်ချင်း မှတ်ပုံတင်ပြသရသည်၊ ဦးပေါ်ထွန်းမှာ ကျန်းမာရေးမကောင်းသဖြင့် ကားပေါ်တွင် ကျန်နေခဲ့သူ ဖြစ်သည်။

ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေဘိုမြို့ရင်ခွဲရုံသို့ သယ်ဆောင်သွားခဲ့သည်၊ နောက်တစ်နေ့တွင် အတူပါလာသည့် အမျိုးသမီးဖြစ်သူက ကောလင်းသို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

ဆိုင်ကယ်သမားမှာ ထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်သွားသည်ဟု သိရကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသွားပြည်သူ အများအပြားရှိနေသည့် နေရာတွင် ပတ်ဝန်းကျင်ကို ပစ်ခတ်မှုအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းခြင်းပြုမည်မဟုတ်ဟု ရွှေဘိုမြို့နယ် ပကဖတာဝန်ရှိသူက ပြောသည်။

“အကြမ်းဖက် စစ်ကောင်စီလုပ်ရပ် လုံးဝ လက်ခံနိုင်စရာမရှိပါ။ ဘာတာဝန်ယူမှုမှ ရှိမှာမဟုတ်ဘူး။ မြို့အဝင်အထွက် မိန်းလမ်းမကြီးပေါ် အပြစ်မဲ့အရပ်သားပြည်သူတွေ ရှုပ်ယှက်ခတ်အောင် သွားလာနေကြတဲ့ကြားက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပဲ” ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့များတွင် စစ်ကောင်စီက ဆိုင်ကယ်စီးသူများအတွက် ထူးခြားသည့်အမိန့် ထုတ်ထားသည်။ ထိုအမိန့်ကြောင့် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ယောက် အတူစီးနင်းခွင့် မရပေ။

အမျိုးသားနှင့် အမျိုးသမီး တွဲစီးနိုင်သော်လည်း ဆိုင်ကယ်မောင်းသူမှာ အမျိုးသားဖြစ်ရမည်ဟု ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ရှိ လမ်းမကြီးများ၊ လမ်းများတွင် စစ်ဆေးရေးဂိတ်များ ပေါ်ပေါက်လာသည်။ ထိုဂိတ်များကို ဆိုင်ကယ်နှင့် ဖြတ်သန်းမည်ဆိုပါက ဂိတ်ရှေ့တွင် မောင်းနှင်ခွင့် မရှိဘဲ ဆင်းတွန်းရလေ့ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း ရွှေဘိုမြို့တောင်ဘက် ၅ မိုင်အကွာ၊ ရွှေဘို-မန္တလေးလမ်းမပေါ်ရှိ ဘုန်းဘွဲကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း ထွက်သွားပြီးနောက် သတ်ဖြတ်ထားခံခဲ့သည့် ဒေသခံနှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုနှင့် ကြုံတွေ့နေရသည့် စစ်ကောင်စီသည် အရပ်သားများကိုပါ မကြာခဏ ပစ်ခတ်လေ့ရှိသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ဩဂုတ်လကုန်ထိ သတ်ဖြတ်ခံရသူမှာ ၄၀၄၃ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက လက်လှမ်းမီသမျှ ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။

Myanmar Now News