ပဲခူးတိုင်း ဒိုက်ဦးထောင်ရှိ အကျဉ်းသားများထံ ပြင်ပမှ ပစ္စည်းပို့ခွင့် ၂ ပတ်လျှင် တစ်ကြိမ်သာ ရတော့ပြီး ဟင်းကိုလည်း ၃ မျိုးအထိသာ အရေအတွက် ကန့်သတ်ခံနေရသည်ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
ထောင်အစားအသောက် ညံ့ဖျင်းသည့်အတွက် မိသားစု၊ မိတ်ဆွေတချို့က ပေးပို့သည့် ရိက္ခာကို ဆက်လက် အားထားနေဆဲဖြစ်ကြောင်း၊ ဤအခြေအနေတွင် ထောင်ဝန်ထမ်းများက အရည်အသွေးမကောင်းသည့် အစားအစာကို ရောင်းချနေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“၂ ပတ် ၁ ကြိမ် ဟင်း ၃ မျိုးက ဘယ်လိုမှ မလောက်ဘူး၊ ထောင်ဝင်စာမလာတဲ့သူတွေဆိုရင် အရင်က မျှစားကြရတယ်။ ခုက မျှစားဖို့ မလောက်ဘူး။ သူတို့ (ထောင်ဝန်ထမ်းများ) ရောင်းတာကို ဝယ်စားဆိုတဲ့ ပုံစံမျိုးပဲ။ သူတို့ရောင်းတာကလည်း ဝါးလို့တောင် မရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ နိုင်ကျဉ်းဟောင်းက ပြောသည်။
ယခင်က ထောင်ဝင်စာကို ၁ ပတ် ၁ ကြိမ် ပို့နိုင်ပြီး ဟင်းအရေအတွက်လည်း ကန့်သတ်ချက် မထားခဲ့ပေ။
ယခုအခါ ထောင်တွင်းရုပ်မြင်သံကြား ကြည့်ရှု့ခွင့်၊ တန်းဖွင့်ချိန် အပြင်လမ်းလျှောက်ထွက်ခွင့်နှင့် မိသားစုများထံ စာပေးပို့ခွင့်တို့ကို ပိတ်ပင်ထားသည်ဟု ဆိုသည်။
အကျဉ်းခန်းများအတွင်း နိုင်ငံရေးနှင့် ပတ်သက်သည့် စာအုပ်စာပေမှန်သမျှလည်း အသိမ်းခံနေရသည်ဟု သိရသည်။
ကိုဗစ်အကြောင်းပြပြီး ဧည့်တွေ့ခွင့် ပိတ်ပင်ထားသောကြောင့် မိသားစုနှင့် စာရေးဆက်သွယ်နိုင်သည့် အခွင့်အရေးလည်း အပိတ်ခံလိုက်ရသည်ဟု ဆိုသည်။
“အဓိကပြဿနာကတော့ အိမ်တွေကို စာပို့လို့ မရတော့ဘူး။ အိမ်တွေနဲ့ အဆက်အသွယ်ပြတ်နေတယ်၊ ၁ လဝန်းကျင် ရှိပြီ၊ အိမ်ကစာလည်း မသွင်းပေးတော့ဘူး။ အရင်က တန်းဖွင့်ချိန်ဆိုရင် လမ်းလျှောက်လို့ ရတယ်၊ ပိုက်ကျော်ခြင်းခတ်တာတို့ ရတယ်၊ အခု လုံးဝမရတော့ဘူး” ဟုလည်း နိုင်/ကျဉ်းဟောင်းက ပြောသည်။
ဒိုက်ဦးထောင်သို့ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က အရာရှိတစ်ဦးလာစဉ် အင်းစိန်ထောင်မှ ပြောင်းလာသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးအောင်က ခေါင်းငုံ့မထိုင်မိ၍ ရိုက်နှက်၊ တိုက်ပိတ်ခံခဲ့ရသည်။ ကိုဖြိုးအောင်ဘက်မှ ကာကွယ်ပြောဆိုခဲ့သူ အခြားနိုင်ကျဉ်း ၇ ဦးလည်း တိုက်ပိတ်ခံရသည်။
တိုက်ပိတ်ခြင်းဆိုသည်မှာ အလင်းရောင်နှင့် လေဝင်လေထွက် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းအတွင်း ထည့်သွင်း ပိတ်လှောင်ထားခြင်း ဖြစ်သည်။
အဆိုပါ ၈ ဦးအနက်မှ ၅ ဦးမှာ ဒိုက်ဦးထောင်၊ အဆောင် ၁ သို့ ပြန်ရောက်လာသည်။ ဆက်လက် တိုက်ပိတ်ခံထားရဆဲ ၃ ဦး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။
“သူတို့ကို လူခွဲပစ်လိုက်တယ်” ဟု ဒိုက်ဦးထောင်နှင့် နီးစပ်သူ နိုင်/ကျဉ်းဟောင်းက ပြောသည်။
ဒိုက်ဦးထောင်မှ နိုင်ကျဉ်း ၄၀ နီးပါးကို ဇွန် ၂၇ တွင် သာယာဝတီထောင်နှင့် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ထိုပြောင်းရွှေ့မှုတွင် နိုင်ကျဉ်းတချို့ ထွက်ပြေးသည်ဆိုကာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။ ထိုအထဲမှ သေဆုံးပြီဟု မိသားစုက အတည်ပြုစာရသူ ၁၀ ဦးအထိ ရှိလာပြီး သတင်းပျောက်နေသူ ၂ ဦး ရှိနေသည်။
ထိုဖြစ်စဉ်နောက်ပိုင်း အောက်ခြေအကျဉ်းဦးစီးဝန်ထမ်းများကို လူသစ်များဖြင့် အစားထိုးလိုက်သည်ဟု သိရသည်။
စစ်သည်၊ စစ်အရာရှိများထဲမှ ထောင်ဝန်ထမ်းအဖြစ် အသွင်ပြောင်းလိုက်သူများ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့လာသည်ဟု သိရကြောင်း နိုင်ကျဉ်းဟောင်းက ပြောသည်။
“အရင်ဝန်ထမ်းတွေ ဘယ်ရောက်သွားလဲ မသိဘူး၊ အခု အကုန် အသစ်တွေချည်းပဲ၊ အသွင်ပြောင်းတွေ ရောက်နေတယ် ကြားတယ်၊ အကျဉ်းသားတွေနဲ့လည်း ဆက်သွယ်မခံဘူး” ဟု သူက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုလည်း အကျဉ်းထောင်များ၏ အခြေအနေ ဝင်ကြည့်ခွင့် ပိတ်ပင်ထားရာ အကျဉ်းသားများအခွင့်အရေး ကန့်သတ်ခံရမှု ပိုမိုများပြားလာသည်။
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို လက်ကိုင်ဖုန်း အသုံးပြုသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် မေ ၂၁ က စတင်၍ ရက် ၁၀၀ စီမံချက်ချကာ နေ့စဉ် ရိုက်နှက်၊ နှိပ်စက် တိုက်ပိတ်စစ်ဆေးနေသည်ဟု မြင်းခြံအကျဉ်းထောင် သတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။
မြင်းခြံထောင်တွင် စစ်ကောင်စီကို ပုန်ကန်မှု၊ တရားမဝင်အသင်းကို ဆက်သွယ်မှု အစရှိသည့် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းချခံထားရသူ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၈၀၀ ကျော်ရှိသည်။
အကြမ်းမဖက်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်တချို့၊ မန္တလေးတိုင်းမှ ရဲအရာရှိတစ်ဦး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့လည်း မြင်းခြံထောင်တွင် ရှိနေသည်။
သေဒဏ်ကျနေသော ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ လူငယ် ၁၇ ဦး၊ တရားမဝင်အသင်း ဆက်သွယ်မှုဖြင့် အဖမ်းခံနေရသည့် မြင်းခြံမြို့ခံများဖြစ်သော ဒေါက်တာရဲဇင်အောင်၊ ဒေါက်တာရဲဝင့်သူ၊ ဒေါက်တာဇော်မျိုးဟိန်းတို့အပြင် မန္တလေးအခြေစိုက် ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်တို့လည်း မြင်းခြံထောင်တွင် ရှိနေသည်။
ဩဂုတ်လ ၁ ရက်တွင် အကျဉ်းသား ၇,၀၀၀ ကျော်ကို စစ်ကောင်စီက ခြွင်းချက်ဖြင့် လွှတ်ပေးရာ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ် ပါဝင်ခဲ့သည်။ ယခင်ကလည်း အရေအတွက် ထောင်နှင့်ချီ ပြန်လွှတ်ရာတွင် နိုင်ကျဉ်းပါဝင်မှု နည်းပါးသလို လွတ်ရက်စေ့ချိန် နီးနေသည့် နိုင်ကျဉ်းများကို လွှတ်ပေးခြင်း ဖြစ်သည်။
အကျဉ်းသားများကို မိသားစုနှင့် အဆက်ဖြတ်ထားရာ အကျဉ်းသားများ၏ ကျန်းမာရေးနှင့် သတင်းအချက်အလက်များကို ပြင်ပရှိ မိသားစုဝင်တို့ သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။