၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ရာတွင် မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြသည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် ပြည်သူ (၁၂)ဦး သေဆုံးခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ပြည်သူ (၃)ဦး ကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ ဇွန်လ (၂၁)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ရာ (၁၂)ဦး ထက်မနည်း သေဆုံးခဲ့ရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ CDM များကို ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နေအိမ်တွေကို စစ်အာဏာရှင်တပ်သားများ လိုက်လံစစ်ဆေးခဲ့သည်။ စစ်အာဏာရှင်တပ်၏ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် တပတ်အတွင်း ပြည်သူ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။