စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို ယမန်နေ့ (ဇူလိုင် ၂၁) နံနက်အစောပိုင်းတွင် စစ်တပ်က ရုတ်တရက်ဝင်ရောက်စီးနင်းပြီး အသက်မပြည့်သေးသည့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ယင်းမာပင်မြို့၊ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးရှိ စုန်းချောင်းရွာကို နံနက် ၂ နာရီဝန်းကျင်တွင် ၄ နေရာခန့်ခွဲပြီး ရုတ်တရက်ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။

စစ်ကြောင်းဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာခံ ၁၁ ဦးကို ရွာမှ ပြန်လည်ဆုတ်ခွာစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အသတ်ခံရသူများအနက် အသက် ၁၅ နှစ်အရွယ် ၂ ဦး၊ ၁၇ နှစ်အရွယ် ၁ ဦး ပါဝင်ပြီး ကျန် ၁၁ ဦးမှာ အသက် ၄၀ ဝန်းကျင် လူလတ်ပိုင်းအရွယ် အမျိုးသားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းနှင့် တွေ့သည့် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်သွားပြီး ဖမ်းဆီးသွားသူ ၁၁ ဦးကိုမူ နှိပ်စက်ညှဉ်းပန်းပြီးနောက် ဦးခေါင်းကို တေ့ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“မျက်လုံးတွေ ဖောက်ထုတ်ထားတာ တွေ့တယ်။ သေနတ်ပစ်သတ်တာ မှန်ပေမဲ့ နှိပ်စက်ပြီးမှ သတ်ထားတာ။ လက်တွေကို ဓားနဲ့ ထိုးဖောက်ထားတဲ့ ဒဏ်ရာတွေ၊ ခြေထောက်တွေ နွှာထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်” ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည့် အသက် ၃၀ ဝန်းကျင်အရွယ် ယင်းမာပင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် သတ်ဖြတ်ခံရသူများ၏ ရင်ဘတ်၊ ဝမ်းဗိုက်၊ မျက်နှာ၊ လက်နှင့် ခြေထောက်တို့တွင် နှိပ်စက်ညှဉ်းပန်းထားသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်။

စုန်းချောင်းရွာအနီး ရွှေတောင်ဦးကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးသည်းထန်နေချိန် ရွာကို တိတ်တဆိတ်ဝင်ရောက်စီးနင်းရာ ဒေသခံများ တိမ်းရှောင်ချိန်မရဘဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“မိုးတွေ တအားရွာနေတဲ့အချိန် ဝင်စီးတာ။ ဒလန်လည်း ကောင်းပုံရတယ်။ ဘယ်သူ့အိမ်၊ ဘယ်ဝါ့အိမ်ဆိုတာ တိတိကျကျလိုက်ဖမ်းပြီးတော့ သတ်ပစ်လိုက်တာပဲ။ အလောင်းတွေကတော့ မတူညီတဲ့နေရာတွေမှာ တွေ့ရတာ” ဟု ယင်းမာပင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံ ၁၁ ဦး၏ ရုပ်အလောင်းများကို ကျေးရွာအနီးအနား နေရာအနှံ့အပြားတွင် တွေ့ရခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် ကောက်ယူကာ စုပေါင်းသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က သတ်ဖြတ်လိုက်သည့် ယင်းမာပင်၊ စုန်းချောင်းရွာသားများ၏ ရုပ်အလောင်းများကို မီးရှို့သင်္ဂြိုဟ်စဉ် (ဓာတ်ပုံ – ပေးပို့)

စစ်တပ်ဝင်ရောက်စီးနင်းခဲ့သည့် စုန်းချောင်းရွာသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အခြေစိုက်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇာတိရွာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အိမ်ခြေ ၁၂၀၀ ကျော်ရှိသည့် စုန်းချောင်းရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်း၊ ချင်း၊ ကယား (ကရင်နီ) ကို စစ်ရေးအရှိန်မြှင့်တင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားထားသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နိုင်ငံအနှံ့မှ ပြည်သူ ၁ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Myanmar Now News