ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး ဇူလိုင်လ ၁၄ ရက်က အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာကို ခရီးသည် ၁၉ ဦးပါတဲ့ အရပ်ဘက်ကားတစ်စီး ဖြတ်သန်းမောင်းနှင် ခဲ့ပြီး အဲဒီကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ပွဲထဲမှာ ညှပ်လို့ စစ်တပ်ဘက်က ပစ်လိုက်တာ။ သူတို့က ညာဘက်ကြောက သွားတာဆိုတော့ ညာကြောမှာ နေရာယူထားတာက စစ်ကောင်စီတပ်။ ကြည့်ရတဲ့ပုံစံ က နယ်စပ်ဖြတ်ကျော်မယ့် ခရီးသည်တွေ ဖြစ်ပါလိမ့်မယ်။ အားလုံး ၁၉ ယောက် ပါလာ တာ။ အဲဒီနှစ်ယောက်ကတော့ ဆုံးသွားတယ်”

ကျန်ခရီးသည် ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့ ညမှာပဲ အမျိုးသားနှစ်ဦး ပြန်လွတ်မြောက်လာတယ်လို့ သူက ပြောပါတယ်။

အမျိုးသမီး လေးဦးနဲ့ အမျိုးသား ၁၁ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့အထိ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၂၁၀ ဟာ ဇူလိုင်လ ၁၂ ရက်နေ့ကစလို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ငြိမ်းချမ်းမြိုင်တောင်ပေါ်မှာ စစ်ကြောင်းထိုးနေ ပြီး KNLA ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ 

RFA News