၂၀၂၃ ဇန်နဝါရီလမှ ဇွန်လ အတွင်း စစ်အာဏာရှင်တပ်များမှ ကျုးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်း မြန်မာစစ်အာဏာရှင်တပ်မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး (၁၅)ခုတွင် လူ့အခွင့်အရေးချိုးဖောက်မှု (၁၂၂၂) ကြိမ် ပြုလုပ်ခဲ့သည်။ ဆိုရှယ်မီဒီယာများနှင့် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားပေါင်း (၃၀)ခု အထိ ကျုးလွန်ခဲ့သည်ကို တွေ့ရှိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများထဲတွင် စစ်အာဏာရှင်တပ်သားများက အရပ်သားပြည်သူများနေထိုင်ရာ နေရာများနှင့် အရပ်သားပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို (၂၉၂)ကြိမ်အထိ အများဆုံး ပြုလုပ်ခဲ့သည်။ ဒုတိယအနေဖြင့် စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူပိုင်အဆောက်အဦးနှင့် ပစ္စည်းများဆုံးရှုံးခြင်း (၂၈၁)ကြိမ် ရှိခဲ့သည်။ တတိယအနေဖြင့် စစ်အာဏာရှင်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီးခံခြင်း (၂၅၉)ကြိမ် အထိရှိခဲ့ သည်။ စစ်အာဏာရှင်တပ်က နိုင်ငံတဝန်းတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ပြည်သူများနေထိုင်ရာ အဆောက်အဦးများကို လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ဗုံးကြဲခြင်းများ (၁၂၈) ကြိမ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က အရပ်သားပစ်မှတ်ထားကာ လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၁)ရက် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာ တွင် ကလေးငယ်များ အပါအဝင် ပြည်သူ (၁၀၀) ကျော်မှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်မှာ အဆိုးဆုံး လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုဖြစ်သည်။ စစ်အာဏာရှင်တပ်သားများက (၆)လအတွင်း ဒေသခံ အမျိုးသမီးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခြင်း (၈)ကြိမ် ပြုလုပ်ခဲ့ပြီး အမျိုးသမီး စုစုပေါင်း(၁၂)ဦး သေဆုံး ခဲ့ရသည်။ စစ်အာဏာရှင်လက်အောက်ခံ သွေးသောက်အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ရန်ကုန်တိုင်းဒေသ ကြီး (၂)ဦးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြည်သူ(၆) ဦး စုစုပေါင်း (၈)ဦး သေဆုံးခဲ့သည်။

စစ်အာဏာရှင်တပ်သားများက စစ်ကြောင်းထိုးရာ ဒေသတလျှောက်ရှိ ဒေသခံပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်း၊ ပြည်သူများကို မီးရှို့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းနှင့် အရပ်သား ပြည်သူများ လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းတလျှောက် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ ၏ ရက်စက်ကြမ်းကြုပ်မှုများကြောင်း (၆)လအတွင်း အရပ်သားပြည်သူများက နေရပ်စွန့်ခွာထွက်ပြေး တိမ်း ရှောင်မှုများ (၁၈၀)ကြိမ် ပြုလုပ်ခဲ့ကြသည်။ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ယခုအချိန်အထိ စစ်အာဏာရှင်တပ်သားများက နိုင်ငံတဝန်းရှိ ပြည်သူများ အပေါ် နည်းလမ်း မျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျုးလွန်နေဆဲဖြစ်သည်။