စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ကျေးရွာများကို အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းစဉ် အသက် ၆၀ ကျော် အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့သည်။

ယခုလ ၈ ရက်နေ့ကတည်းက ရွှေဘိုမြို့မှ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် ထိုစစ်ကြောင်းသည် ဇူလိုင် ၁၂ တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း သာလိုင်းကျေးရွာမှ ၆၅ နှစ်အရွယ် ဦးသံချောင်းကို ပစ်သတ်ခဲ့သည်၊ ထို့နောက် အနီးရှိ သုံးဆင့်ကန်ရွာကို မီးတင်ရှို့ရာ လေဖြတ်ဝေဒနာ ခံစားနေရသော ၆၂ နှစ်အရွယ် ဦးခင်မောင်ဌေး နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့သည်။

ထွက်မပြေးနိုင်သူများ သေဆုံးခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

“သာလိုင်းရွာက အသက် ၇၀ လောက်ရှိတဲ့ အမျိုးသားကို ပစ်သတ်သွားတယ်၊ အသက်ကလည်း ကြီးပြီဆိုတော့ မပြေးနိုင်တော့တာလည်းပါ၊ (စစ်တပ်က) မလုပ်လောက်ဘူးလည်း ထင်လို့နေခဲ့ပုံရတယ်၊ စစ်ကြောင်းထွက်သွားတော့ သေနတ်ဒဏ်ရာနဲ့ သေနေတာ တွေ့ရတာပဲ။ သုံးဆင့်ကန်က လေဖြတ်နေတဲ့ အမျိုးသားကတော့ အိမ်မီးရှို့တဲ့အချိန် ပါသွားတာ၊ ကိုယ်တစ်ခြမ်း မီးလောင်ထားတာ တွေ့ရတယ်” ဟု သူက ပြောသည်။

သာလိုင်းရွာတွင် မီးရှို့ခဲ့ခြင်းမရှိသော်လည်း ထိုရွာမှ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ သုံးဆင့်ကန်ရွာကို ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၁၂ မွန်းလွဲချိန်တွင် မီးရှို့သလို နောက်တစ်နေ့တွင်လည်း ၄ မိုင်အကွာမှ ပေါက္ကံရွာကို ဝင်ရောက်မီးရှို့ခဲ့သည်ဟု သိရ သည်။

“သုံးဆင့်ကန်ကို မီးရှို့တာ အိမ် ၂၀၀ ကျော်ကျော်လောက်ရှိတဲ့ရွာက အခု ၄၀ လောက်ပဲ ကျန်တော့တယ်၊ ကျွန်တော်တို့ရွာကိုကျတော့ ဒီနေ့မနက်အစော မီးရှို့သွားတယ်” ဟု ပေါက္ကံရွာခံ အမျိုးသားတစ်ဦးက ဇူလိုင် ၁၃ တွင် ပြောသည်။

ဇူလိုင် ၁၃ နံနက် ၆ နာရီခန့်တွင် ပေါက္ကံ-ရှိမ္မကား လမ်းပေါ်ရှိ ပေါက္ကံရွာမအတွင်းသို့ စစ်သားများ ဝင်ရောက်လာပြီး ရွာကို မီးတင်ရှို့ခဲ့သော်လည်း မိုးရွာနေခဲ့သည့်အတွက် မီးက ရွာအနှံ့ ကူးစက်ခြင်းမရှိဘဲ၊ စရှို့သည့် နေအိမ် ၈ လုံးသာ လောင်ကျွမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါစစ်ကြောင်း မြို့တောင်ဘက်အစွန် ပေါက္ကံရွာမှ ၅ မိုင်ခန့်အကွာ ထန်းကြီးကျေးရွာသို့ ရောက်ရှိသွားစဉ်၊ တော်လှန်ရေးတပ်ဖွဲ့များက အဝေးမှ ပစ်ခတ်ကြကြောင်း သိရသည်။

စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့သည့် သာလိုင်း၊ သုံးဆင့်ကန်၊ ပေါက္ကံရွာမကျေးရွာများသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းကြောင်းရှိ မန္တလေး-ရွှေဘိုလမ်းပိုင်းတစ်လျှောက် ကျေးရွာများဖြစ်ကာ ပေါက္ကံရွာမအနီး ရထားဘူတာ ရှိသည်။

ထိုစစ်ကြောင်းတွင် စစ်ကောင်စီ၏ စစ်ကိုင်းတိုင်း မော်လိုက်အခြေစိုက် အမှတ် (၃၆၄) တပ်ရင်း၊ ဖောင်းပြင်အခြေစိုက် အမှတ် (၃၆၈) တပ်ရင်း အမှတ်အသားပါ စစ်သားများကို တွေ့ရပြီး ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးကျောင်းတွင် စုဖွဲ့ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ သိရသည်။

သုံးဆင့်ကန်ရွာသည် စစ်သားများ ဝင်လာမည့် လမ်းကြောင်းတွင် မိုင်းထောင်မည့်အစီအစဉ်ကို လက်မခံသည့်ရွာဖြစ်ပြီး  ပထမဆုံးအကြိမ် မီးရှို့ခံရခြင်း ဖြစ်သည်ဟု သိရသည်။

“သုံးဆင့်ကန်ဆိုရင် XXX ဝင်လို့ မိုင်းထောင်ချင်ရင်လည်း အထောင်မခံ၊ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုလည်း အပစ်မခံတဲ့ ရွာပါ၊ အဲ့ရွာကိုလည်း မီးရှို့သွားတာ၊ ရွာစဉ်ပတ်ရှို့နေတဲ့သဘောပဲ။ အခုရှို့တဲ့ရွာတွေက သံလမ်းဘေး (ရထားလမ်းဘေး) တစ်လျှောက်လို့ ပြောလို့ရတယ်။ PDF တွေကို မဲတဲ့သဘော မတွေ့ရဘဲ၊ ရွာစဉ်ပတ် အကြမ်းဖက်နေတဲ့ပုံစံ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက်ရှိ သာလိုင်းရွာ၊ ကန်သုံးဆင့်ရွာနှင့် ပေါက်က္ကံရွာတို့ကို မြေပုံတွင် တွေ့ရစဉ်။

စစ်ကိုင်းတိုင်းအတွင်း ရထားလမ်း ပြန်သုံးရန် စစ်ကောင်စီ ကြိုးပမ်းနေ

ဝက်လက်မြို့နယ်ရှိ မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်တချို့က စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းနေသည်ကို တွေ့ရပြီး၊ ယင်းလမ်းတွင် ရထား ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းလည်း ထွက်ပေါ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

ကချင်ပြည်နယ်အတွင်း မီးရထားပြန်ပြေးဆွဲနိုင်ရန် စတင်လုပ်ဆောင်နေကြောင်း၊ ဇွန် ၂၄ က စမ်းသပ်ပြေးဆွဲခဲ့ကြောင်း စစ်ကောင်စီ၏ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောဆိုခဲ့သည်ဟု ဒေသအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားကြသည်။

NLD အရပ်သားအစိုးရလက်ထက် ကိုရီးယားနိုင်ငံချေးငွေဖြင့် အဆိုပါလမ်းပိုင်းကို အဆင့်မြှင့်တင်ပြီး ၂၀၂၀ မတ်လအတွင်း မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ရထားခရီးစဉ် ပြေးဆွဲခဲ့ကာ ကိုဗစ်နိုင်တင်းရောဂါကြောင့် ပြေးဆွဲမှုများ ခေတ္တရပ်သွားခဲ့သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းအများအပြား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သလို စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်လာသောကြောင့် မန္တလေး-မြစ်ကြီးနားလမ်းတွင် ရထားပြေးဆွဲမှု ရပ်ဆိုင်းသွားကာ ကားလမ်းကိုသာ အဓိက အသုံးပြုနေရသည်။

အဆိုပါလမ်းပိုင်းအပါအဝင် တစ်နိုင်ငံလုံးမှ ရထားလမ်းအများအပြား ပြေးဆွဲမှု ရပ်ဆိုင်းထားရသည်မှာ ၂ နှစ်ကျော် ရှိနေပြီဖြစ်သည်။

စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကလည်း စစ်ကိုင်း-ရွှေဘိုရထားလမ်းပိုင်းကို ပြန်ပြေးဆွဲရန် ရှိကြောင်း ဇွန်လအတွင်းက ပြောထားသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များကို ကိုးကား၍ သိရသည်။

စစ်ကောင်စီသည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်အနီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။

ဌာနချုပ် ၁၂ မိုင်ခန့်အကွာ နမ်ဆန်ယန်ရွာအနီးသို့ စစ်ကောင်စီတပ်က စစ်အင်အားအမြောက်အမြား ပို့ဆောင်နေသည့်အတွက် ထိုဒေသတွင် တိုက်ပွဲပြင်းထန်နေသည်။ မြစ်ကြီးနားမြို့မှ တက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကိုလည်း နမ်ဆန်ယန်ကျေးရွာ မရောက်ခင် မြောက်ဘက် ဂျာပူရွာအနီး KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၂၊ ၁၃ ရက်နေ့များတွင် ထိုဒေသအတွင်း တိုက်ပွဲများ ဖြစ်နေသည်။

ပြီးခဲ့သည့် ဇွန်လတစ်လလုံးတွင်လည်း အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဝက်လက်မြို့ကို အခြေပြုကာ မြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေခဲ့ရာမှ ယခုတစ်ကြိမ် စစ်ကြောင်းထပ်ထိုးနေခြင်း ဖြစ်သည်။

လက်ရှိတွင် ရထားလမ်းဘေးမှ ကျေးရွာများဖြစ်သည့် သာလိုင်းရွာနှင့် ရထားလမ်းတစ်ဖက်ခြမ်း ရုံးသာရွာ၊ သာလိုင်းရွာနှင့်ကပ်လျက် သုံးဆင့်ကန်၊ ပေါက္ကံရွာ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်း သမ္မာရိုးရွာမှ အမျိုးသားဈေးသည်တစ်ဦး၊ ယင်းရွာမှပင် ထော်လာဂျီဖြင့် ဈေးရောင်းထွက်ကြသည့် ဈေးကားတစ်စီးတို့ကို စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် တစ်နေ့တည်းတွင် အရပ်သား ၇ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်က စစ်ကိုင်း၊ ချင်းနှင့် ကရင်နီဒေသများကို ပြန်လည် ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့်ရန် သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြောက်ပိုင်းတိုင်းစစ်ဒေသတွင် ပါဝင်သော စစ်ကိုင်းတိုင်းသည် စစ်ရေးပြင်းထန်နေသောဒေသလည်းဖြစ်ကာ အထူးသဖြင့် ကချင်နှင့် ထိစပ်နေသောနေရာများတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

Myanmar Now News