စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာသုံးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဇူလိုင်လ ၇ ရက်က အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဇူလိုင်လ ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ ရွာသာယာရွာက အသက်ငါးနှစ်အရွယ် မောင်ဖြိုးပိုင်၊ ရာဇကျော်ရွာက အသက် ၃၆ နှစ်အရွယ် ကိုထွန်းသိန်းနဲ့ ပျံလှည့်ရွာက အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးထိပြီး သုံးဦးစလုံး ဆုံးသွားတာ။ စစ်ကြောင်းက သူတို့အထိုင်ချနေတဲ့ ယင်းမာပင်မြို့လယ်က အထက်တန်းကျောင်းကနေ လှမ်းပစ်တာ။ ဒေသခံတွေကလည်း သူတို့ရွာဘက်ကို စစ်ကြောင်း မလာတန်ကောင်းဘူးဆိုပြီး နေနေတာကို လူတော့မလာဘဲ လက်နက်ကြီး လှမ်းပစ်တာပေါ့၊ သေသွားတဲ့ မောင်ဖြိုးပိုင်ဆို သူငယ်တန်းတောင် မတက်ရသေးဘူး”

အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇူလိုင်လအတွင်း ဆားလင်းကြီးမြို့နယ်ဘက်ကနေ ယင်းမာပင်မြို့နယ်ကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် နှစ်နှစ်ကျော်အတွင်း အရပ်သား ၂၄၅၄ ဦးထက် မနည်းသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းမှာ ၁၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

RFA Burmese