၂၀၂၃ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၇) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့မှ ပြည်သူ (၇၀) ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီးများမှ အမျိုးသမီး (၂)ဦးကို နှိပ်စက် ပစ်သတ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်မှ ပြည်သူ ၁ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦး အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့ပြီး၊ ကလေး (၂)ဦး အပါအဝင် ပြည်သူ(၁၆)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဗုံးကြဲချခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ခြင်း၊ ပျက်စီး ဆုံးရှုံးခြင်းများ ရှိခဲ့သည်။