ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာဒေသခံများကို စုစည်း၍ MNDAA က အစည်းအဝေးများ ခေါ်ယူခဲ့၍ စစ်ရေးလှုပ်ရှားသည့်နေရာဟု ထင်ကာ လာရောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု MNDAA ဘက်က သုံးသပ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၁၂ ဦး ခန့် ဒဏ်ရာရသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ၊ ည ၁၁ နာရီခန့်က ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ တပ်မဟာ (၂၁၁) လှုပ်ရှားရာဒေသ သိန္နီမြို့နယ်၊ ဟွေပုံရွာကို စစ်ကောင်စီက နှစ်ကြိမ် ဗုံးလာကြဲခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု MNDAA  ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ပထမအကြိမ် ကြဲချရာတွင် လူနေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်သည့်အတွက် နေအိမ် နှစ်လုံးထက်မနည်း ပျက်စီးသွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ဗုံးက ဘာဗုံးသီးလဲတော့ ကျွန်တော်လည်း အသေးစိတ် မသိရဘူး။ ဒါပေမဲ့ သူ့ရဲ့အင်အားက တော်တော်လေး ပြင်းတယ်။ ပေါက်ကွဲတဲ့နေရာက မြေအနက်က နှစ်မီတာလောက် ရှိပြီးတော့ ကျင်းအကျယ်က ၆ မီတာလောက် ရှိတယ်ဗျ” ဟု MNDAA ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရွာသား ၁၃ ဦး ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံသို့ ပို့ဆောင်နေစဉ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က MNDAA အဖွဲ့မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က အဆိုပါ ဟွေပုံရွာမှ ရွာသူရွာသားကို စုရုံးပြီး ရွာအနီး လမ်းဖောက်လုပ်ခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးရေးအတွက် အစည်းအဝေးများ ခေါ်ယူခဲ့သည်ဟု သိရသည်။

ထိုသို့စုရုံးနေခြင်းကို စစ်ကောင်စီတပ်က ၎င်းတို့တပ်များ စစ်ရေးလှုပ်ရှားသည့်နေရာဟု ထင်ကာ လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု MNDAA က သုံးသပ်သည်။  

“ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့၊ ကားလမ်းဖောက်ဖို့နဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေလုပ်ဖို့ အဲဒီနားက ရွာသားတွေကို ခေါ်ပြီးတော့ အစည်းအဝေးလုပ်ခဲ့တာတွေရှိတယ်။ အဲဒါကို သူတို့ (စကစ)က ကျွန်တော်တို့တပ်တွေ လှုပ်ရှားနေတယ်လို့ ယူဆပြီးတော့ ဗုံးလာကြဲတာ” ဟု အထက်ပါ ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသားက ပြောသည်။

စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ပြင်းထန်လာရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA လှုပ်ရှားရာ ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ပြီးခဲ့သည့် ၂၀၂၂ အတွင်း တရုတ်နယ်စပ်မြို့နယ်များဖြစ်သည့် ပန်ဆိုင်း၊ မုံးကိုး၊ မူဆယ်၊ ချင်းရွှေဟော် စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သလို ကိုးကန့်ခရိုင်မြို့တော် လောက်ကိုင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားမည်ဆိုသည့် သတင်းများကြောင့် လူအမြောက်အမြား မြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၃၊ ၁၄ တို့တွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်ခဲ့သေးသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော MNDAA, AA (ရက္ခိုင့်တပ်တော်), TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIA (ကချင်လွတ်လပ်ရေးတပ်မတော်), KNU (ကရင်အမျိုးသားအစည်းအရုံး), CNF (ချင်းမျိုးသားတပ်ဦး), KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) တို့သည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြသည်။ 

ယခုနှစ် ဇန်နဝါရီလဆန်းက တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တပ်မဟာ (၆၁၁) ကို MNDAA က လက်နက်တပ်ဆင်ပေးခဲ့ပြီး ထိုတပ်မဟာကို နွေဦးတော်လှန်ရေးကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာသည့် နိုင်ငံအနှံ့မှ တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည်။

Myanmar Now News