၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၅)ရက်မှ (၂၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီ ၁၅ ရက်မှ ၂၁ ရက် အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်ရာတွင် အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ ပေါင် ၅၀၀အား ဗုံးကြဲချခြင်း၊ အရပ်သားပြည်သူများ ဆေးကုနေသည့် တိုက်နယ် ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ကျုးလွန်ခဲ့သည်။ မကွေးတိုင်းဒေသကြီး သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လူ့အခွင့်အရေး ချိုး‌ဖောက်ကာ နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက် နှိပ်စက်ခြင်း ပြုလုပ်လျှက် ရှိသည်။ စစ်အာဏာရှင်တပ်များက ကချင်ပြည်နယ် ဖားကန့်မြို့မှ ဒေသခံ ပြည်သူ ၉၀ ကျော် အပါအဝင် အခြားဒေသမှ အရပ်သား ပြည်သူ ၁၀၀နီးပါးကို ဖမ်းဆီးကာ လူသားဒိုင်း အဖြစ် ဖမ်းဆီး အသုံးပြုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အချို့နယ်မြေဒေသများတွင် စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုး တိုက်ခိုက်မှု၊ ပြည်သူပိုင်ပစ္စည်းများ မီးရှို့ ဖျက်စီးမှု၊ ဖမ်းဆီး နှိပ်စက်မှု၊ သတ်ဖြတ်မှုတို့ကြောင့် နေရပ်ဒေသစွန့်ခွာမှုများ ဖြစ်ပွားလျက်ရှိသည်။ စစ်အာဏာရှင်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်မှ ပြည်သူ ၃၀၀ ကျော် နှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်တဝိုက်မှ ဒေသခံပြည်သူများသည် ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။