၂၀၂၃ ခုနှစ်၊ ဧပြီလ (၈)ရက်မှ (၁၄) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီလ ၈ရက်မှ ၁၄ ရက်အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက် ခိုက် ဗုံးကြဲမှုများကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်သည်များ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ပြီး စစ်အာဏာရှင်တပ်အနေဖြင့် စစ်ရာဇဝတ်မှု ထပ်မံ ကျုးလွန်နေခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ အရပ်သား (၃၀)ကျော်ကိုလဲ စစ်အာဏာရှင်တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချခဲ့သည်။ စစ်အာဏာရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး (၁)ဦးအပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့ပြီး ပြည်သူ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလ (၈) ရက်မှ (၁၄) ရက်အတွင်း စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများ

စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း‌ဒေသကြီးရှိ ဒေသခံပြည်သူများ သွားလာနေသည့်လမ်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ပြီး ကျွန်းလှမြို့နယ်မှ ရွာသုံးရွာကို ပျုသင်တန်း တက်ရောက်ရန် စစ်အာဏာရှင်တပ်သားများ နှင့် ပျုစောထီးအဖွဲ့က ခြိမ်းခြောက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူအချို့ကို စစ်တပ်မကောင်းကြောင်းရေးသားမှု၊ ပရိုဖိုင် အနက်ရောင်တင်မှုတို့ကြောင့် ဖမ်းဆီး အမှုဖွင့်ခြင်းများပြုလုပ်ခဲ့သည်။