စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လူထုစုဝေးပွဲကို စစ်ကောင်စီ တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

တစ်ဆက်တည်းမှာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့လည်း သူကတောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ဧပြီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒီပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ အလွန်ကြေကွဲဝမ်းနည်းရပါကြောင်းလည်း အတွင်းရေးမှူးချုပ်က ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရသူတွေကိုလည်း ချက်ချင်း ဆေးကုသခွင့်ပြုဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ခွင့်ရရှိဖို့လည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။

သူ့ရဲ့ကြေညာချက်မှာ အကြမ်းဖက်မှုမှန်သမျှကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ အရပ်သားပြည်သူတွေကို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အကာအကွယ်ပေးဖို့လည်း အခိုင်အမာ ထပ်မံထည့်သွင်း ပြောကြားသွားပါတယ်။

တစ်ဆက်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အာဏာသိမ်းစစ်ကောင်စီကို လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နဲ့အညီ မြန်မာနိုင်ငံအနှံ့အပြား ပြည်သူလူထုအပေါ် အကြမ်းဖက်မှု မှန်သမျှ ရပ်တန့်ဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။

RFA Burmese