စစ်ကောင်စီတပ်သာ ကျန်တော့သည့် ထန်တလန်တွင် ရှစ်လအတွင်း ၂၇ ကြိမ် မီးရှို့ခံရရာ မြို့ရှိ နေအိမ် သုံးပုံ၊ နှစ်ပုံ ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၃၂ လုံးပါဝင်သည်။

ဒေသခံများ မြို့လုံးကျွတ်ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်သာ အခြေစိုက်နေရာယူထားသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် ရှစ်လဝန်းကျင်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၁၆၀၀ ကျော်ရှိလာသည်ဟု သိရသည်။

၂၀၂၁ စက်တင်ဘာမှ ယနေ့ (ဧပြီ ၂၅) အတွင်း ဒရုန်းဖြင့် ရိုက်ကူးထားသော မှတ်တမ်းများအရ နေအိမ် ၂၃၀၀ ကျော်ရှိ မြို့တွင် သုံးပုံနှစ်ပုံကျော် ပျက်စီးသွားခြင်းဖြစ်ကြောင်း ထန်တလန်မြို့ ပြန်လည်နေရာချထားရေး ဒေသခံကော်မတီဖြစ်သော Thantlang Placement Affairs Committee (TPAC) မှ တာဝန်ရှိသူ ဆလိုင်းလျှန်က ပြောသည်။

ထိုကာလအတွင်း စစ်တပ်က ၂၇ ကြိမ် မီးရှို့ခဲ့ပြီး ပျက်စီးမှုများထဲတွင် ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၃၂ ခုလည်း ပါဝင်သည်ဟု ၎င်းထံမှ သိရသည်။

“ထန်တလန်ပြည်သူလူထုရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဒီလိုမျိုးရှို့တာကိုတော့ လူမဆန်တဲ့လုပ်ရပ်လို့ ကျွန်တော်သုံးသပ်မိတယ်” ဟု ဆလိုင်းလျှန်က ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဧပြီ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် စစ်တပ်က TABC ရပ်ကွက်နှင့် လုံတဲလ်ရပ်ကွက်မှ နေအိမ် ၁၅ အိမ်ထက်မနည်းကို မီးရှို့ခဲ့ပြီး ယင်းမှာ TPAC ၏ လက်ရှိစာရင်းတွင် နောက်ဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းမှု တစ်နှစ်တင်းတင်းပြည့်ချိန် ယခုနှစ် ဖေဖော်ဝါရီ ၁ရက်မှစ၍ စစ်ကောင်စီကို ပြင်းထန်စွာ ခုခံမှုများရှိခဲ့သည့် ထိုမြို့တွင် တိုက်ပွဲလုံးဝမရှိဘဲ နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်သာရှိသည်ဟု CDF-ထန်တလန် ပြောရေးဆိုခွင့်ရှိသူကလည်း ပြောသည်။

“သူတို့ (စစ်ကောင်စီ) စားစရာတွေမရှိတဲ့အခါကျရင် မြို့ထဲကို လှည့်တာပေါ့နော်။ အိမ်တွေကို ဖောက်ပြီးတော့ ပစ္စည်းတွေယူ၊ ဆန်ဆီအစားအစာတွေ အကုန်ယူပြီး အိပ်စရာစောင်တွေ ယူပြီးတော့ သူတို့ ဒီအိမ်က ယူစရာမရှိတော့ဘူးဆိုရင် အဲဒီအိမ်ကို မီးရှို့ပစ်လိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

ထန်တလန်မြို့ပေါ်တွင် လူနေအိမ်မီးရှို့မှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ဟု အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။

သို့သော်လည်း နေအိမ် ၁၆၆ လုံး ဆုံးရှုံးခဲ့ရသည့်​ အောက်တိုဘာ ၂၉ ရက်ဖြစ်စဉ်တွင် မီးဘေးသင့်နေအိမ်များ နောက်ခံဖြင့် စစ်သားတစ်ဦး၏ ဓာတ်ပုံ Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ဖူးသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ၂၅ မိုင်သာ ဝေးသည့် ထန်တလန်တွင် ၂၀၂၁၊ စက်တင်ဘာ ၁၈ ရက်က မြို့ပေါ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်၏ လက်နက်ကြီးကြောင့် ပထမဆုံးအကြိမ် နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

ထိုစဉ်က မီးငြှိမ်းရန် လာသည့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးနောက် ဒေသခံများ တစ်စတစ်စဖြင့် မြို့ကို စွန့်ခွာသွားကြသည်။

Thantlang.jpg

ချင်းပြည်နယ် ထန်တလန်မြို့ တည်နေရာပြမြေပုံ။
ချင်းပြည်နယ် ထန်တလန်မြို့ တည်နေရာပြမြေပုံ။

မူလက ထန်တလန်မြို့ပေါ်တွင် နေထိုင်သည့် ဦးရေ ၈,၀၀၀ မှ ၁၀,၀၀၀ ရှိ ဒေသခံတို့မှာ ယခုအခါ အိန္ဒိယ-မြန်မာနယ်စပ်ရှိ တောင်တန်းများတွင် စစ်ရှောင်နေကြရသည်ဟု TPAC ၏ အချက်အလက်များအရ သိရသည်။

ထန်တလန်မြို့နယ်အတွင်း နယ်စပ်တစ်နေရာတွင်ရှိသည့် ထိုစခန်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်နေသည့် ဒေသအချို့မှ စစ်ရှောင်များပါ ရောက်နေရာ စုစုပေါင်း စစ်ရှောင်ဦးရေ ၁၃၀၀၀ ခန့်ရှိနေပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည်ဟု ဆလိုင်းလျှန်က ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ဖွံ့ဖြိုးမှုအနည်းဆုံး တောင်တန်းဒေသ ချင်းပြည်နယ်သည် ရှေ့တန်းမှ ပါဝင်နေပြီး နယ်မြေကျွမ်းကျင်မှုကို အသုံးချ၍ စစ်တပ်ကို အခက်တွေ့အောင် ရင်ဆိုင်နိုင်ကြသည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း သံချပ်ကာယာဉ်များအပါအဝင် စစ်အင်အားများစွာ ပို့လွှတ်၍ စစ်ကောင်စီက နှိမ်နင်းရန် ကြိုးပမ်းနေသော်လည်း ချင်းပြည်နယ်အတွင်း ဒေသခံတို့၏ တော်လှန်မှု အရှိန်အဟုန်ဖြင့် ဆက်ရှိနေသည်။

Myanmar Now News