မြန်မာစစ်တပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုကြောင့် ဆယ်စုနှစ်နှင့်ချီ၍ မရပ်မနားဖြစ်နေခဲ့သော ပြည်တွင်းစစ်တလျှောက် လူ့အသက်ပေါင်းများစွာကို ထိခိုက်သေကြေစေခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းလိုက်ချိန်မှစပြီး ပြည်သူတို့အပေါ် စနစ်တကျကျူးလွန်မှုများကြောင့် မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများ၏ ဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပိုမိုဆိုး ရွားလာခဲ့သည်။ သွေးခွဲတတ်သကဲ့သို့ ကောက်ကျစ်လှည့်ဖြားမှုလည်းရှိသည့် စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိသည်ဟု ထင်မြင်ပြီး ၄င်းတို့စိတ်ကြိုက် မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပင် လိုသလိုအသုံးပြုပြီး အာဏာရရှိရန် ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တုန့်ပြန်သည့်အနေဖြင့် နိုင်ငံအဝှန်း ပြည်သူများ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား အာဏာလွှဲအပ်ရန် တောင်းဆိုကြသည်။
စစ်အာဏာရှင်တို့က နိုင်ငံနှင့်အဝှန်း စစ်ဆင်ရေးများ တိုးမြှင့်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ တက်ကြွလှုပ်ရှားသူများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် စစ်အာဏာရှင်တို့အား ခုခံသောစစ်ကို ဆင်နွှဲပြီဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သည်။ လက်နက်ကိုင်တိုက် ပွဲအတွက် တက်ကြွလှုပ်ရှားသည့် လူငယ်များဖြင့် လေ့ကျင့်ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)နှင့် ပူးတွဲ တိုက်ပွဲဝင်လျှက်ရှိသည်။ ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သားများ တိုက်ပွဲအတွင်း ပိတ်မိခြင်းအပါအဝင် နှစ်ဖက်တပ်များ အကြား ထိခိုက်သေဆုံးမှုများ များပြားလာသည်။ အောက်တိုဘာလတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်ရသည့် လူဦးရေ ၂၁၉,၀၀၀ အပါအဝင် လူဦးရေ ၃ သန်းခန့် (အမျိုးသမီးနှင့် ကလေးများအပါအဝင်) မှာ အသက်ရှင်ရပ်တည်ရေးအတွက် အထောက်အပံ့ အကူအညီများ အကြီးအကျယ် လိုအပ်နေသည်။
စစ်အာဏာရှင်တို့က NUG နှင့် PDF တို့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေငြာခဲ့ပြီး ၄င်းအဖွဲ့ များ၏ တရားဝင်မှုရရှိစေရန် ကြိုးပမ်းမှုအား ပျက်စီးစေရန် လုပ်ဆောင်ခဲ့သည်။ ထိုသို့ကြိုးပမ်းမှု မအောင် မြင်ကြောင်းကို စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးဥပေဒ၊ စံသတ်မှတ်ချက်နှင့် အခြေခံမူများကို မည် သို့ ချိုးဖောက်နေသည်ဆိုသည့် သက်သေများက ပြသနေသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ အထူးကိုယ်စားလှယ် ခရစ်စတီးရှနာဘာဂျီနာ (Christine Schraner Burgener) က မြန်မာစစ်တပ်ခေါင်း ဆောင်နှင့် အာဏာသိမ်းမှုကို ဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရာထူးမှ ထုတ်ပယ်ရန် တောင်း ဆိုခဲ့သည်။ ထိုရပ်တည်ချက်ကို ထပ်လောင်းထင်ဟပ်မှုအဖြစ် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ် တွမ်အမ်ဒရူး (Tom Andrews) က မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြရန် ကုလသမဂ္ဂအထွထွေညီလာခံတွင် ထပ်ကာ ထပ်ကာ တောင်းဆိုခဲ့သည်။
နွေဦးတော်လှန်ရေး အစတွင် လမ်းပေါ်ထွက်ဆန္ဒပြသည့် ပြည်သူများသည် စစ်အာဏာရှင်တို့၏ အကြမ်း ဖက်ဖြိုခွဲသည့် အန္တရာယ်ကို ရင်ဆိုင်၍ အမှန်ကိုထုတ်ဖော်ကြသည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲ ဝင်သူများ ၄င်းတို့အသက်ကိုပင် ပဓာနမထား ပေးဆပ်သွားသကဲ့သို့ ထောင်နှင့်ချီသည့် တက်ကြွလှုပ်ရှားသူ များမှာလည်း ဖမ်းဆီးခံရသည်။ တိုင်းရင်းသား အသီးသီး၊ ကျား-မ မရွေး၊ လူမှုစီးပွားရေး အမျိုးမျိုးနောက်ခံ ရှိသူများသည် စစ်အာဏာရှင်တို့အား ဆက်လက်ဆန့်ကျင်၍ ၄င်းတို့၏ အသက်ရှင် ရပ်တည်မှုကို ဖျက်ဆီး နေမှုအပေါ် တာဝန်ယူ တာဝန်ခံရန် တောင်းဆိုနေကြသည်။
ယခုအစီရင်ခံစာ ပြုစုနေသည့်အချိန်တွင် စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့် အနည်းဆုံး ပြည်သူ ၁၂၀၀ မှာ ဖေဖော်ဝါရီလမှစပြီး သတ်ဖြတ်ခံရ၍ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၀ ၀၀၀ ကျော်အဖမ်းခံရသည်။ ထိုသေဆုံးသူ အရေအတွက်မှာ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝှန်း နိုင်ငံအဆင့် တပ်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် ဆန္ဒပြသူများအား သတ်ဖြတ်မှုအများဆုံး နိုင်ငံဖြစ် နေသည်။ သေဆုံးသူ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှာ ဆန္ဒပြနေစဥ် စစ်အာဏာရှင်တပ်များ၏ အင်အား အလွန် ကျွံသုံးပြီး ဦးခေါင်းကိုပစ်ခတ်ခံရ၍ သေဆုံးကြခြင်းဖြစ်သည်။ ကုန်ဆုံးသွားသည့် ကာလအတွင်း အကြမ်း ဖက်မှုများ လျော့နည်းသွားခြင်းမရှိပေ။ ပြည်သူများ၏ ဘဝအေးချမ်းသာယာ လုံခြုံစိတ်ချရမှုမှာ စိုးရိမ်ပူပန် စရာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ စစ်အာဏာရှင်တို့၏ ပြင်းထန်သည့် အကြမ်းဖက်လုပ်ရပ် များကို ဆယ်စုနှစ်များနှင့်ချီ၍ ဖိနှိပ် ရက်စက်မှုများကို ခံခဲ့ရသည့် တိုင်းရင်းသားများမှာ တွေ့ကြုံခံစား ကျွမ်း ဝင် ပြီးသားဖြစ်သည်။
ချင်းနှင့် ကချင်ပြည်နယ်များတွင် နေ့စဥ်ဘဝရှင်သန်မှုမှာ အထူးသဖြင့် အရပ်သားများအတွက် စိန်ခေါ်မှု အ ပြည့်နှင့်ဖြစ်သည်။ လက်နက်ကိုင် ခုခံသည့် PDF အဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာပြီး မြန်မာစစ်တပ်က စစ်ဆင် ရေးများ တိုးချဲ့ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးသည်လည်း စစ်အာဏာရှင်တို့၏ ဖြတ်လေးဖြတ် စီမံကိန်းအ ပါအဝင် အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ခံရသည်။ စစ်မက်ဖက်ပြိုင်တိုက်နေသည့် အဖွဲ့များအား ရိက္ခာ၊ လူသစ်၊ သတင်းအချက်အလက်နှင့် ငွေကြေးရံပုံငွေမရရှိစေရန် စစ်တပ်မှ ကာလကြာရှည်ကျင့်သုံးသည့် ဗျူ ဟာဖြစ်သည်။ စစ်အာဏာရှင်တပ်များက ရွာများသို့ ဝင်ရောက်၍ ဖျက်ဆီး၊ ခိုးယူခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း နှင့် ဥပဒေမဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုများကြောင့် ဒါဇင်နှင့်ချီသည့် ရွာသားများ အသတ်ခံရသည်။