အသတ်ခံရသည့် ယာဉ်ထိန်းရဲအိမ်ဘေးမှ ၁၅ နှစ်သားနှင့် အိမ်သား ၅ ဦး အဖမ်းခံနေရပြီး ကျန်မိသားစု၀င်များ အဖမ်းခံရန်လည်း ရဲက ဖိအားပေးနေသည်ဟု ဆိုသည်

မန္တလေးတိုင်း၊ မြင်းခြံတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရပြီး နာရီပိုင်းအတွင်း သူ၏ အိမ်နီးချင်းမိသားစုတစ်စုမှ ၆ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းသွားရာတွင် ထိုအထဲတွင် အသက်မပြည့်သေးသူတစ်ဦး ပါဝင်နေသည်။

ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးခံရသူများအနက် ကိုရဲသူရဇော်မှာ အသက် ၁၅ နှစ်သာရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး ဖမ်းဆီးခံနေရခြင်း ဖြစ်သည်။

ထိုကလေး မြင်းခြံရဲစခန်းတွင် ထိန်းသိမ်းခံနေရပြီး ကျန်  ၅ ဦးမှာ မြင်းခြံထောင်တွင် ရှိနေသည်ဟု ဆိုသည်။

“အာမခံနဲ့လာထုတ်ဆိုပြီး ရဲစခန်းက လှမ်းဖုန်းဆက်တာ။ (ဇွန် ၂၃)ရက်နေ့မှာ လိုက်ထုတ်တော့ သူတို့က ထုတ်မပေးဘူး။ ကျန်တဲ့သူတွေ (မိသားစုဝင်တွေ) လာအဖမ်းခံဖို့ပဲပြောတယ်” ဟု ကိုရဲသူရဇော်၏ မိခင်ဖြစ်သူ ဒေါ်ဝါဝါမင်းသူက Myanmar Now ကို ပြောသည်။

“သားအတွက်ကို ပိုစိတ်ပူတယ်ဆိုတာက သူက ကျွန်တော်ရိုက်ရင်တောင် ငိုတဲ့ကလေးဆိုတော့ သူ့အတွက် စိတ်ပူတယ်။ ခုချိန်မှာ စိတ်ဒဏ်ရာများ ရသွားမလား၊ ကြောက်သွားမလားဆိုတာ တချိန်လုံး စိတ်ပူနေရတယ်”

ဒေါ်ဝါဝါမင်းသူက ပြည်ပတွင် ရောက်နေသည်။

ရဲတပ်ဖွဲ့အလိုရှိသည်ဆိုသော မိသားစုဝင်များကိစ္စကို အားလုံး၏ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။

ဖမ်းဆီးထားသူများကို လာမည့် ဇူလိုင် ၂တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ မည်သည့်ပုဒ်မဖြင့် အရေးယူခံထားရသည်ကို မသိရှိရသလို အရေးယူခံရမည့်ထဲတွင် ကိုရဲသူရဇော်ပါဝင်ခြင်းရှိမရှိ အတည်မပြုနိုင်သေးကြောင်း ဒေါ်ဝါဝါမင်းသူက ပြောသည်။

“ယာဉ်ထိန်းရဲမိန်းမက …  ညီမတို့အိမ်က PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)အကြီးစား၊ ဗုံးတွေရော၊ သေနတ်တွေရော ရှိတယ်။ သူ့ယောကျ်ားကိုသတ်တာ ညီမတို့အိမ်ပါဆိုပြီးတော့ (လုပ်တာ)။ ဗုံးတွေ၊ သေနတ်တွေလည်းမရှိပါဘူး။ တကယ်မှ မဟုတ်တာကို” ဟု ၎င်းက ဆက်ပြောသည်။

ဒေသအခြေစိုက် ဇီးရိုးပြောက်ကျားတပ်ဖွဲ့ကလည်း ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးကို ၎င်းတို့ ပစ်သတ်ခဲ့ကြောင်း အခင်းဖြစ်သည့်နေ့ကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။

မြင်းခြံမြို့ရှိ ယာဉ်ထိန်းရဲများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဆိုင်ကယ်စီးနင်းသူများကို ဖမ်းပြီး ဒဏ်ငွေ သိန်းချီတောင်းနေသဖြင့် ယခုကဲ့သို့လုပ်ကြံရခြင်းဖြစ်ကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့က ပြောထားသည်။

ဇွန် ၁၈၊ မွန်းလွဲပိုင်းက ယာဉ်ထိန်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မြတ်ကိုကိုအောင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့ရာတွင် ၎င်းနေထိုင်သည့် ၁၆ရပ်ကွက်ရှိ အိမ်နီးနားချင်း မိသားစုမှ အမျိုးသမီး ၄ဦး၊ အမျိုးသား ၂ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့(ဇွန် ၂၈)အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အရပ်သားပြည်သူ ၆၃၉၉ ဦးရှိပြီး ၅၂၀၂ ဦး ဆက်လက်ချုပ်နှောင်ခံထားရဆဲဖြစ်ကာ၊ ဝရမ်းထုတ်ခံထားရသူ ၁၉၆၆ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့က ထုတ်ပြန်သည့် စာရင်းများကို ငြင်းဆိုလေ့ရှိသည့် စစ်ကောင်စီကမူ ၎င်းတို့လက်ချက်ဖြင့် သေဆုံး၊ ဖမ်းဆီးခံရသူအရေအတွက်ကို အသေးစိတ်ထုတ်ပြန်လေ့မရှိပေ။

ထို့အတူ ၎င်းတို့အလိုရှိသူကို မမိ၍ ဓားစာခံသဘောဖမ်းဆီးခံရသူ များစွာရှိ နေပြီး ယင်းတို့အနက် မိုးကုတ်မြို့နေ ကလေးငယ်တစ်ဦးမှာ ယမန်နေ့ (ဇွန်၂၈) က ကျရောက်သည့် ၎င်း၏ အသက် ၅နှစ်ပြည့်မွေးနေ့ကို အချုပ်အနှောင်ဘဝဖြင့်ဖြတ်သန်းခဲ့ရသည်။

Myanmar Now News