စစ်တပ်က အာဏာသိမ်းပြီး သုံးလကျော်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးသူငယ်စုစုပေါင်း ၇၃ ဦးထိ ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။

ဒီအရေအတွက်ဟာ ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ သတင်းတွေပေါ် အခြေခံပြီး ဒေသခံတွေနဲ့ မျက်မြင် တွေ့ရှိသူတွေ ပြောပြတဲ့ ခိုင်မာတဲ့ အချက်အလက်တွေကို ကောက်ယူစုဆောင်းထားတဲ့ အရေအတွက် ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ကလေးသူငယ်ဆိုတာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကာကွယ်ပေးရမယ့်သူတွေဖြစ်ပေမယ့် စစ်ကောင်စီက ကလေးသူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာဟာ ကြီးမာတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ် လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“သာမန်အကြမ်းဖက်မှုတွေ ရှိနေသည့်တိုင်အောင်၊ အကြမ်းဖက်သည့်တိုင်အောင် ကလေးသူငယ်ဆိုတာက ဘယ်လိုကာလမျိုးဖြစ်ပါစေ ကာကွယ်ပေးရမယ်ဆိုတာ အားလုံးသိပြီးသားပါ။ ကလေးတွေက နုနယ် သေးတဲ့သူ ဖြစ်တယ်။ ကလေးသူငယ် အခွင့်အရေးအရ ကာကွယ်ပေးရမယ်ဆိုတဲ့ အမျိုးအစား သတ်မှတ်ချက် ဖြစ်တယ်။ အဲနေရာမျိုးမှာမှ သေဆုံးမှုတွေဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်တဲ့အချက် ဖြစ်တယ်။ သေဆုံးမှုတွေမှာ မတော်တဆ ထိခိုက်မှုတွေ မကတော့ဘူ။ ကလေးမှန်းသိရဲ့သားနဲ့ တမင် သက်သက် ရည်ရွယ်ပြီးတော့ သတ်ဖြတ်တာကတော့ ရည်ရွယ်ချက်တွေ ပါသွားပြီ။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုကတော့ သာမန် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကတော့ဘဲနဲ့ ကလေးသူငယ်တွေကို ကြီးမားသော ရာဇဝတ်မှု ကျူးလွန်တဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။”

ကလေးငယ်တွေဟာ လမ်းပေါ်မှာ ဆန္ဒပြရင်း အပစ်ခံရတာတွေ မဟုတ်ဘဲ၊ နေအိမ်မှာ နေထိုင်ရင်း အာဏာရှင် ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က လိုက်လံပစ်ခတ်မှုကြောင့် ကျည်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

htoomyatwin-death.jpg
(စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ မောင်ထူးမြတ်ဝင်းရဲ့ နာရေး) Photo: CJ

 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ရွှေဘိုမြို့မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ထူးမြတ်ဝင်း ဟာ အိမ်ထဲမှာ နေနေတဲ့အချိန် စစ်တပ်က ပစ်ခတ်တဲ့ကျည်ဆန် ဝမ်းဗိုက်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

မောင်ထူးမြတ်ဝင်း ရှင်ပြုအလှူလုပ်ဖို့ စုဆောင်းထားတဲ့ ချွေးနည်းစာဟာ သူ့ရဲ့ ဈာပနအလှူ ဖြစ်သွားတာ ကြောင့် ဝမ်းနည်းမိတယ်လို့ မောင်ထူးမြတ်ဝင်းရဲ့ ဖခင်က ပြောပါတယ်။

“တအား နှမျောတယ်။ ကျွန်တော့သား ရှင်ပြုဖို့အတွက် ရည်မှန်းထားတာ။ ကျွန်တော့် သားသမီးအတွက် အစစအရာရာ လှူဖို့အတွက် ချွေးနည်းစာနဲ့ စုဆောင်းထာပြီးသား။ စုဆောင်းထားတာ ဒါနဲ့ဆို နှစ်နှစ်ရှိပြီ။ ကိုဗစ်ရယ်၊ စစ်ဘေးရယ်။ ကိုဗစ်ကတည်းက လှူရမယ့်အလှူက စစ်ဘေးကျမှ ကျွန်တော့်သား ပျက်စီးသွား တယ်။ အိမ်ထဲမှာနေရင်းနဲ့ ပျက်စီးသွားတော့ ကျွန်တော့်သားအလှူ မအောင်မြင်လိုက်တဲ့အတွက် တော်တော်လေး ဝမ်းနည်းတယ်။ သူ့ရဲ့ ဈာပနကို ကျွန်တော်စုဆောင်းထားတာတွေ အကုန် လှူပစ်လိုက် တယ်။”

ကယားပြည်နယ် လွိုင်ကော်မြို့အနီးက ကယန်းသာယာရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဆန်းဒေးအေး ဟာလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မေလ ၂၇ ရက်နေ့က သေဆုံးခဲ့ရပါတယ်။

မောင်ဆန်းဒေးအေး ဟာ၊ ကယန်းသာယာရွာမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာမှာ ပုန်းအောင်း နေချိန် ဖခင်ဖြစ်သူက ခိုင်းစေတာကြောင့် ရွာထဲကို ခဏပြန်ဝင်လာစဉ် စစ်သားတွေနဲ့ တည့်တည့် တိုးတာကြောင့် ကြောက်လန့်တကြား ထွက်ပြေးရာမှာ ဦးခေါင်းကို တည့်တည့်ချိန်ရွယ်ပြီး ပစ်သတ်ခံခဲ့ရတာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ကယန်းသာယာရွာက ပစ်သတ်ခံရတဲ့ မောင်ဆန်းဒေးအေး ရဲ့ အဖြစ်အပျက်မျိုးကို ကမ္ဘာကသိအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ဒီဟာမျိုးတစ်ခုကတော့ ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်း နေပါတယ်၊ ဒါ့ကြောင့် ဟိုတစ်နေ့က ကရင်နီမှာ သေသွားတဲ့ မောင်ဆန်းဒေးအေး တို့လို ကိစ္စတွေကို ကမ္ဘာကသိအောင်၊ နောက်တစ်ခါ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု၊ ဒီလိုကိစ္စတွေဟာ ကလေး သူငယ်တွေကို လက်နက်ကိုင် ပဋိပက္ခတွေကနေ အကာအကွယ်ပေးရမယ်ဆိုတာတွေကို ကမ္ဘာက သိအောင် လုပ်ဆောင်နေပါတယ်။”

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် (UNICEF) က ကောက်ယူထားတဲ့ စာရင်းတွေအရ၊ စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး အခုချိန်ထိ လေးလကျော် ကာလအတွင်းမှာ၊ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှု ကြောင့် ယောင်္ကျားလေး ၄၈ ဦးနဲ့ မိန်းကလေး ခုနစ် ဦး၊ စုစုပေါင်း ကလေးသူငယ် ၅၅ ဦး သေဆုံးခဲ့တယ်လို့ ဇွန်လ (၃) ရက်နေ့က ကလေးသူငယ်တွေ အသတ်ခံရမှုနဲ့ပတ်သက်ပြီး RFA က မေးမြန်းစဥ် တုံ့ပြန်ဖြေကြား ခဲ့ပါတယ်။

“ကလေးသူငယ်တွေကို အကြမ်းဖက်မှုကနေ အကာအကွယ်ပေးရမှာဖြစ်သလို အန္တရာယ်ရှိနိုင်တဲ့ အနေအထားထဲ မကျရောက်စေသင့်ပါဘူး”

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Guy Taylor က “ကလေးသူငယ်တွေကို သေစေနိုင်လောက်တဲ့ လက်နက်ခဲယမ်း အပါအဝင် အင်အားသုံးမှုတွေနဲ့ ဖမ်းဆီးမှု တွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ကလေးတွေကို အကြမ်းဖက်မှုတွေကနေ အကာ အကွယ်ပေးရမှာဖြစ်သလို အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေထဲမှာ မကျရောက်စေသင့်ပါဘူး။” လို့ RFA ရဲ့မေးမြန်းချက်ကို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

“လက်ရှိ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကြောင့် ကလေးသူငယ်တွေနဲ့ ပြည်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို တရားဝင် အကူညီပေးနိုင်ဖို့ လုပ်ဆောင်နေတယ်၊ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်” လို့ လည်း သူက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ (၈) ရက်မွန်းလွဲပိုင်း ထုတ်ပြန်ချက် အရ၊ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ လေးလကျော် ကာလအတွင်း၊ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၈၅၇ ယောက်၊ အဖမ်းခံထားရသူ ၄၆၇၇ ယောက်နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရသူ ၁၉၀၀ ကျော် ရှိနေပါတယ်။

အဲဒီသေဆုံးသူ ၈၅၇ ယောက်ထဲမှာ ကလေးသူငယ် ၇၃ ယောက် ပါဝင်တယ်လို့ NUG က ပြောထားပြီး၊ UNICEF ကတော့ သူတို့စာရင်းအရ ကလေး ၅၅ ယောက်အသတ်ခံထားရတယ်လို့ RFA ကို ပြောကြားထားတာ ဖြစ်ပါတယ်။

RFA News