လက်ဖက်စျေးကွက်ပျက်စီးပြီး လက်ဖက်တောင်သူအတိ ဒုက္ခရောက်နေခြင်း သတင်းထုတ်ပြန်ချက်

၆ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်
လက်ဖက်တောင်သူ တအာင်းပြည်သူလူထုတို့သည် ၂ဝ၁၁ခုနှစ် လက်ဖက်ရာသီတွင် လက်ဖက်စျေးကွက် ဆိုးဝါးစွာပျက်စီးခြင်းကြောင့် ကြီးမားသည့်စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ စာတမ်းတစ်စောင်ကို တအာင်း(ပလောင်)အလုပ်အဖွဲ့မှ ပြုစု ရေးသားခဲ့ပါသည်။
ရွှေဖီဦးကာလတွင် လက်ဖက်စျေးအသင့်တင့်ရှိပြီး ဝယ်ယူသူများရှိသော်ငြားလည်း တပတ်ခန့်အကြာတွင် စျေးနှုန်းများ တဟုန်ထိုး ကျဆင်းလာပြီး ဝယ်လက်များလည်း နည်းပါးလာပါသည်။ နောက်ပိုင်းတွင် လက်ဖက်စျေးကွက်ပျက်ခဲ့ရပြီး လက်ဖက်လုပ်ငန်းများ ရပ်ဆိုင်ရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ လက်ဖက်လုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြသော တအာင်း လူဦးရေမှာ စုစုပေါင်း ခြောက်သိန်းကျော်ခန့် ရှိပါသည်။
ထိုကဲ့သို့ တအာင်းလူမျိုးတို့၏ အဓိကအသက်မွေးဝမ်းကျောင်းဖြစ်သည့် လက်ဖက်လုပ်ငန်း တွင် ကြီးမားသည့် အကြပ်အတည်းများ ပေါ်ပေါက် လာခြင်းကြောင့် ဒေသခံပြည်သူလူထုတို့မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး အစရှိသည့် ပြဿနာပေါင်းစုံများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရပါသည်။ ၄င်းပြဿနာများကြောင့် တအာင်းပြည်သူလူထုများ တခြားနိုင်ငံများနှင့် မြန်မာနိုင်ငံအတွင်း အခြားနေရာသို့ သွားရောက်အလုပ်လုပ် နေရပါသည်။
နမ့်ဆန်နှင့် မန်တုံမြို့နယ်မှ အချို့ရွာများတွင် တရွာလုံးလိုလိုပင် တရုတ်ပြည်သို့ အလုပ်ထွက်လုပ်ကြသည် ဟုဒေသခံတဦးမှ ပြောကြား ခဲ့ပါသည်။ “ကျမတို့နမ့်ဆန်မှာဆိုရင် ဗိုလ်ကြီးသန်းထွန်းနှင့် နဂါးပျံလက်ဖက်စက်ရုံ တွေကပဲ လက်ဝါးကြီးအုပ်ထားတယ်။ ဒါကြောင့် လက်ဖက်လုပ်ငန်းအလုပ်မဖြစ်တော့ဘူးဆိုတော့ ရွာကလူတွေ လည်း တရွာလုံးဘဲ တရုတ်ပြည်မှာ အလုပ်သွားလုပ်ကြတယ်။ ဒီနှစ်မှာ လက်ဖက်စျေးက လည်းမကောင်း ပါဘူး၊ မိုးကလည်းများတော့ လက်ဖက်တွေရင့်ကုန်တယ်လေ၊ အကြွေးတွေ ကလည်း ဆပ်လို့မကြေ ကြဘူးလေ၊ ဒီလိုဘဲလှည့်ပတ်ပြီး လုပ်ကိုင် စားသောက်နေရတယ်။”
လက်ဖက်ပြဿနာနှင့်ရင်ဆိုင်နေရသော တအာင်းလူမျိုးတို့၏အခက်အခဲများကို စစ်တပ်လက်အောက်ခံ အစိုးရသစ် နှင့် ဒေသတွင်းရှိနိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများအနေဖြင့် မည်သည့်ကူညီထောက်ပံ့မှုမျှ ပြုလုပ်သည်ကိုမတွေ့ရှိသေးပေ။ ထို့ကြောင့် လက်ဖက်တောင်သူ တအာင်းလူမျိုးတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများကို အားလုံးသိရှိစေပြီး ဝိုင်းဝန်းကူညီဖြေရှင်း ပေးရာတွင် တစုံတရာ အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုစာတမ်းကို ရေးသားပြုစုတင်ပြရခြင်းဖြစ်ပါသည်။
“လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေး မူ၊ ပေါ်လစီတွေကို ပြည်လည်စီစစ်ဖို့လိုပါတယ်။ ပြီးတော့ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစံနစ်ကို ဖန်တီးပြီး ချုပ်ချယ်ကန့်သတ်မှုတွေကိုရုပ်သိမ်းပေးဖို့နဲ့ လက်ဝါးကြီးအုပ်နေတာတွေ ကိုထိန်းသိမ်းဖြေရှင်းပေးဖို့လိုပါတယ်။ ဒါမှလက်ဖက်တောင်သူတွေ လက်ဖက်လုပ်ငန်းနဲ့ ဆက်လက်ရှင်သန် ရပ်တည်နိုင်မှာဖြစ်တယ်၊ နောက်ပြီးတော့ ပြဿနာရဲ့အရင်းအမြစ်က နိုင်ငံရေးပြဿနာဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးစတင်ဖို့လိုအပ်တယ်။” ဟု တအာင်း(ပလောင်)အလုပ် အဖွဲ့ဝင်ဖြစ်သည့် မိုင်းအောင်ကို ကပြောကြား ခဲ့ပါသည်။
ဤစာတမ်းကို- တတတ၏စေူကေညါူညေိ၏သမါ ယ  တတတ၏စေူကေညါတသာနည၏ခသာ တွင် ဖတ်ရှုနိုင်ပါသည်။
ဆက်သွယ်ရန်- ၆၆ (ဝ)၈ဝ ၁၁၈ ၄၄၇၉- ၆၆ (ဝ)၈၂ ၂၂၅ ၁၅၆၉