(RFA) စစ်ကိုင်းတိုင်း ကသာမြို့နယ် လေဘိုရွာမှာ ရွာသားတွေရဲ့ ရွှေကျင်လုပ်ငန်းသုံး စက်တွေကို စစ်အစိုးရတပ် တခုက ဝင်ရောက်သိမ်းဆည်းပြီး တဲတွေလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

နှစ်စဉ် လယ်လုပ်ငန်း ပြီးဆုံးတဲ့အချိန်မှာ ရွာနဲ့ တမိုင်ကျော်လောက် ဝေးတဲ့နေရာမှာ လေဘိုရွာသားတွေ ရွှေကျင်ကြတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး လာဘ်ငွေမရတဲ့ စစ်တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ၂၉ နဲ့ ၃ဝ မှာ ရွှေကျင်စက်တွေကို ဝင်ရောက် သိမ်းဆည်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရွာသားတယောက်က RFA ကို အခုလိုပြောပါတယ်။

ဗိုလ်မှူး သန်းကျော်ထွေးနဲ့ ရ ယောက်အဖွဲ့ ခင်ဗျ။ ငါးအိုးမှာ အခြေချထားတယ်။ အထက်ပိုင်းက ရွာသားတွေကို ချောဆွဲခဲ့ပြီး ဒီက ပစ္စည်းတွေအကုန် ထမ်းတင်သွားတယ်။ လုပ် ချင်တာလုပ် သေနတ်တွေ ဖောက်ပြီး၊ စက်တွေ အကုန် ယူသွားတယ်။ ထီးချိုင့်မြို့နယ်အစပ်အထိ ဝင်ပြီးတော့ ဝါးတဲတွေ အကုန်လုံး မီးရှို့သွားတယ်

စစ်တပ်က သိမ်းသွားတဲ့ ပစ္စည်းတွေထဲမှာ တလုံးကို ၄ သိန်းကျော် တန်တဲ့ ၂၈ ကောင်အား ဂျင်တောင်းစက် ၉ လုံး၊ ရေတင်စက် ၅ လုံးနဲ့ မီးစက်တွေ အပါအဝင် ကိရိယာပစ္စည်း စုစုပေါင်း ကာလပေါက်ဈေး သိန်း ၁ ရာ ကျော်ဖိုး ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်တပ်ကပဲ ငွေတောင်းတဲ့အတွက် စက်အသိမ်းခံရတဲ့ ရွာသားတွေထဲက ဦးကျော်ဝင်း ဆိုသူက ငွေ ၆ သိန်း ပေးလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီအမှုကို မယက ကို တိုင်ကြားထားပေမယ့် အခုချိန်ထိ အရေးယူ ဆောင်ရွက်တာ မရှိဘူးလို့ သိရပါတယ်။