(VOA) အာရှအစိုးရ အတော်များများဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်ဖို့ ပြင်ပက ဖိအားပေးတာမျိုးတွေကို လက်မခံကြဘူးလို့ နောက်ဆုံးထုတ်ဝေတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါပေမဲ့ ဝေဖန်တာတွေကို လမ်းကြောင်းလွဲအောင် သူတို့ကိုယ်တိုင် ဖိအားပေးရမယ် ဆိုရင်တော့ ဒါကိုလုပ်ဖို့ မတွန့်ဆုတ်ကြဘူးလို့ ဆိုပါတယ်။

ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံးဖြစ်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတွေတောင်မှ လူ့အခွင့်အရေးကို အကာအကွယ် ပေးရမယ်ဆိုတဲ့ အချက်ကို သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို ဖိနှိပ်တဲ့ လုပ်ရပ်တွေ တိုးလာခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံကတော့ ဆူဒန်နိုင်ငံ ဒါဖောဒေသမှာ တရုတ်လက်နက်တွေ ရှာဖွေတွေ့တာနဲ့ ပတ်သက်ပြီး ဒီအစီရင်ခံစာ ထွက်မလာအောင် တရုတ်က နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ အကျဉ်းချခံနေရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု မချီးမြှင့်နိုင်အောင်လည်း တရုတ်က အကြီးအကျယ် ကြိုးစားခဲ့တယ်လို့လည်း ဆိုပါတယ်။