၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာတလွှား ဒီမိုကရေစီစနစ်နဲ့ တန်ဖိုးတွေ ကျဆင်းခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ သိသိသာသာ ဆုတ်ယုတ်သွားခဲ့ကြောင်း

ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ နှစ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီက နေရာ အများစု အနိုင်ရခဲ့ပြီး တရားမမျှတမှုတွေ၊ မသမာမှုတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့တာ မှန်ပေမဲ့ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတာ၊ နိုင်ငံရေးပါတီသစ်တွေ ပေါ်ထွက်လာပြီး နိုင်ငံရေး ပြောဆို လုပ်ကိုင်ခွင့် ရလာတာ၊ တိုင်းရင်းသားပါတီတွေ ကိုယ်စားလှယ် နေရာတချို့ အနိုင်ရခဲ့တာတွေကြောင့် အကောင်းအဆိုး ဒွန်တွဲ နေခဲ့ပါတယ်လို့ Freedom House အဖွဲ့က အာရှရေးရာ သုတေသနအရာရှိ Sarah Cook က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အထဲက တခုကတော့ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အပြစ် အနာအဆာတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့ကြောင်း၊ အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီအနိုင်ရရေး ရည်ရွယ်ပြီး လုပ်ထားသလို ရွေးကောက်ပွဲ ဥပဒေတွေမှာလည်း အရင်က ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ခွင့် မရအောင် လုပ်ထားခဲ့ကြောင်း၊ ဒီအချက်တွေဟာ အဆိုးဖက်က အခြေအနေတွေ ဖြစ်ကြောင်း Ms. Cook က ပြောသွားပါတယ်။

Freedom House နှစ်ပတ်လည် အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ သိသိသာသာ ကျဆင်းခဲ့သလို ၁၁ နိုင်ငံကတော့ တိုးတက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Freedom House အဖွဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်

sources by : RFA