ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်က လယ်သိမ်းခံ လယ်သမား အယောက် သုံးရာကျော်ဟာ နစ်နာချက်တွေ ဖြေရှင်းပေးဖို့အတွက် တဦးချင်း

အတွေ့အကြုံတွေ ရေးသား လက်မှတ်ထိုးပြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးမှာ တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင် လက်မှတ်ရေးထိုး တိုင်ကြားခဲ့တဲ့ လယ်သမားတဦးက RFA ကို အခုလို ပြောပါတယ်။

“သင်္ဃန်းကျွန်း မြို့နယ်က ခရိုင် အေးချမ်းသာယာရေး ရုံးမှာ၊ လူပေါင်း ၃၀၀ ကျော်ပါတယ်။ တဦးချင်းရဲ့ အတွေ့အကြုံတွေကိုပေါ့နော် သူ့ လက်ဗွေ လက်မှတ်နဲ့၊ မှတ်ပုံတင်မိတ္တူနဲ့ ပူးတွဲပြီးတော့ တင်ပြတာပါ။ သက်ဆိုင်ရာ လူကြီးမင်းများကလည်း အထက် အဖွဲ့အစည်းနဲ့ အောက်လယ်သမားနဲ့ ပေါ့နော်၊ သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းများနဲ့ အကောင်းဆုံး ဖြစ်အောင် စီစဉ် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။”

လယ် ၅ ဧကနဲ့ ဥယျာဉ် ၃ ဧက အသိမ်းခံထားရတဲ့ လယ်သမားတဦး ပြောပြခဲ့တာပါ။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့မြို့နယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်နဲ့ ဒဂုံတောင်ပိုင်း မြို့နယ်က လယ်တွေကို ပုဂ္ဂလိက ကုမ္ပဏီတွဖြေစ်တဲ့ ရွှေနဂါးမင်းကုမ္ပဏီ၊ ရွှေဟိန်းထက်၊ အေရှားဝေါနဲ့ ရွှေတောင်ကုမ္ပဏီတွေက စုစုပေါင်း လယ်ဧက ၁၉၀၀ ကျော် သိမ်းပိုက်ထားတယ်လို့ ပြောကြပါတယ်။ အဲဒီ လယ်တွေကို ၂၀၀၈ ခုနှစ်က စတင်သိမ်းယူခဲ့ပြီး၊ အဲဒီတုန်းက လယ်သမားတွေကို အချက် ၃ ချက် စီစဉ်ပေးမယ်လို့ ကတိပေးထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။

အဲဒီအချက်တွေကတော့ သိမ်းလိုက်တဲ့ လယ်တွေအတွက် ကုမ္ပဏီတွေက တဧက ကျပ် ၅ သောင်း နှုန်း နစ်နာကြေးပေးမယ်၊ နေစရာ မြေကွက်လည်း ပေးမယ်၊ အလားတူ လယ်သမားတွေနဲ့ ကုမ္ပဏီ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်မယ်၊ အစိုးရရဲ့ အိုးအိမ်ဦးစီးဌာနကလည်း လျော်ကြေးပေးမယ်ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒါပေမဲ့ ပေးထားတဲ့ ကတိအတိုင်း အပြည့်အဝ မဆောင်ရွက်ပေးတဲ့အတွက် လယ်သမားတွေ နစ်နာနေလို့ အခုလို စုဝေးတင်ပြကြတာလို့ ဆိုပါတယ်။ ဒီလယ်သမားတွေဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း စီတန်းလမ်းလျှောက်ပြီး ခရိုင်ရုံးမှာ အရေးဆိုခဲ့ကြပါတယ်။

သူတို့ ကိစ္စကို ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ရဲ့ ရန်ကုန်ရုံးမှာလည်း တင်ပြထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေ ကိုဖိုးဖြူက ကူညီ ဆောင်ရွက်ပေးနေပါတယ်။

sources by : RFA