(VOA) လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို အရေးယူနိုင်မယ့် နည်းလမ်းတွေကို
ဆွေးနွေးပြောဆိုကြတဲ့ ဆွေးနွေးပွဲတရပ်ကို မနေ့က နယူးယောက်မြို့မှာ နိုင်ငံတကာ ရှေ့နေများ အစည်းအရုံးနဲ့ Open Society Institute အဖွဲ့တို့ ပူးပေါင်းပြီးတော့ ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရဟာ အရပ်သား ပြည်သူတွေ အပေါ်မှာ တရားမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ နေရပ်ဒေသတွေကနေ အဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အဆိုပြုခဲ့သလိုမျိုး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး မြန်မာစစ်အစိုးရကို အရေးယူနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာရုံး တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပြပါတယ်။
“လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ သံတမန်ရေးအရ အကာအကွယ်ပေးမှု ဆိုတာက အတိုင်းအတာရှိတယ်။ နိုင်ငံတကာက တခြား အဖွဲ့ဝင် နိုင်ငံတွေက မြန်မာပြည်ကိစ္စကို ပိုပြီးတော့ တင်လာကြမယ်၊ ထပ်ခါတလဲလဲ လမ်းကြောင်းပေါင်းစုံက၊ ဥပမာ အခုဆိုရင် လုံခြုံရေးကောင်စီက စဉ်းစားနေတဲ့ အာဂျင်ဒါတွေ ရှိတယ်၊ ကလေးစစ်သားနဲ့ ပတ်သက်လို့၊ လက်နက်ကိုင် ပဋိပက္ခမှာ ကြားညပ်နေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာတွေ ရှိတယ်။
“အဲဒီလို ဘက်ပေါင်းစုံကနေ ဆွေးနွေးမှုတွေ များလာတဲ့အခါမှာ သူတို့အနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခါ အကျခံပြီး ဆက်ပြီး အကာအကွယ် ပေးမလား၊ မပေးဘူးလားဆိုတဲ့ အဲဒီလို ဆုံးဖြတ်ရမယ့် အနေအထားတခု အထိ ရောက်လာအောင် ကျနော်တို့က နိုင်ငံတကာမှာ အခုလိုမျိုး Issue တွေပေါ့၊ အမျိုးသမီးနဲ့ ပတ်သက်တဲ့ Issue ပဲဖြစ်ဖြစ်၊ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ Issue ပဲဖြစ်ဖြစ် နိုင်ငံတကာက ဥပဒေပညာရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးပွဲတွေနဲ့ သူတို့ရဲ့အာဘော်တွေ ပါတဲ့ ရေးသားချက်တွေပဲ ဖြစ်ဖြစ်၊ နောက် အရင်တုန်းက မြန်မာပြည်ကိစ္စကို လုပ်ခဲ့တဲ့ Special Reporter တွေ ကိုယ်တိုင်က လူသိရှင်ကြား ပြောဆို ထောက်ခံလာတဲ့ အနေအထားတွေကို ဖြစ်ဖြစ်၊ အဲဒါတွေ များလားရင် ဒီနိုင်ငံတွေအတွက် သူတို့ စဉ်းစားရမယ့် အနေအထားတခု ဖြစ်လာအောင်ပေါ့၊ ဒါတွေကတော့ ကျနော်တို့ တဆင့်ပြီးတဆင့် လုပ်သွားရမယ်။ နိုင်ငံတကာက လေးစားတဲ့ တရားသူကြီးတွေ ပါတဲ့ဟာမျိုးတွေ လုပ်သွားရမယ်ဆိုတဲ့ သဘောပါ။”
လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရဘက်က အမြဲတမ်း အကာအကွယ်ပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေက ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ အခြေအနေ ရှိတာကြောင့် ဒီအပေါ်မှာ ဘယ်လို ချဉ်းကပ် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
“လုံခြုံရေးကောင်စီလို့ ပြောတဲ့အခါမှာ တရုတ်ရှိတယ်၊ ရုရှားရှိတယ်၊ အဲဒီဟာတွေကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ အပိုင်းပေါ့။ အဲဒီအပိုင်းကျတော့ တရုတ်ရဲ့ ပေါ်လစီ၊ နောက် အာဆီယံရဲ့ အနေအထားတွေက အခုလိုမျိုး အာဆီယံမှာလည်း ASEAN Human Rights Mechanism တွေ ဖြစ်လာတဲ့ အခါကြတော့ အာဆီယံ အနေနဲ့လည်း လုံးဝ ဒါတွေ မျက်ကွ
ယ်ပြုလို့ မရတဲ့ အနေအထားတွေ ဖြစ်လာမယ်။
“တရုတ်ကိစ္စမှာလည်း ဆူဒန် ဒါဖော ကိစ္စတွေမှာ ပထမပိုင်းမှာတော့ ဆူဒန် အာဏာရှင် အစိုးရကို သူတို့ တောက်လျှောက် အကာအကွယ် ပေးနေပေမဲ့ အခြေအနေတွေက ဆိုးလာပြီး သူတို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ ဂုဏ်သိက္ခါကို ထိပါးမယ့် အနေအထားမျိုး ရောက်လာတဲ့ အခါမှာ သူတို့အနေနဲ့ မသိကျိုးကျွံပြု လက်ရှောင်လိုက်ပြီး ကော်မရှင် ဖြစ်သွားတာပေါ့။ အဲတော့ ကော်မရှင်ဖြစ်တဲ့ ကိစ္စဟာ ကျနော်တို့ အများကြီးလုပ်ဖို့တော့ လိုတယ်။ ဒါပေမဲ့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဆိုတဲ့ အပိုင်းပေါ့။”
မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာရုံး တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ဒေါက်တာသောင်းထွန်း အပြင် နိုင်ငံတကာ တရားရေးလောကမှာ နာမည်ကြီးတဲ့ ရှေ့နေ ပက်ထရစ်ရှာေဝါလ်ဒ် (Patricia Wald)၊ ဟားဗာ့ဒ်တက္ကသိုလ် ဥပဒေကျောင်း လူ့အခွင့်အရေးဌာန ဒါရိုက်တာ တိုင်လာ ဂီယန်နီနီ (Tyler Giannini)၊ အင်ဒီယားနား တက္ကသိုလ်က ဥပဒေရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် ဝီလီယမ်စ် (David Williams) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ပရစ်စီလာ ကလပ်ပ် (Priscilla Clapp) တို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။