(RFA) မြန်မာနိုင်ငံနဲ့ ကိုလံဘီယာ နိုင်ငံမှာရှိတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့အစည်းတွေထဲက ကလေး စစ်သားကိစ္စကို တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရတွေက ခွင့်ပြုဖို့ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ရှိနေတဲ့ ကလေးတွေကို ပြန်လွှတ်ပေးဖို့နဲ့ နောက်ထပ် ကလေးတွေကို ထပ်မံ မစုဆောင်းဖို့ ကိစ္စတွေကို ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာ သူပုန်အဖွဲ့တွေနဲ့ တိုက်ရိုက် ဆွေးနွေးလိုပေမဲ့ သက်ဆိုင်ရာအစိုးရတွေက ခွင့်မပြုဘူးလို့ လက်နက်ကိုင် ပဋိပက္ခအတွင်းက ကလေးများအရေးဆိုင်ရာ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ကူမားရားဆွာမိက ပြောပါတယ်။

RFA အစီအစဉ် နားဆင်ရန်
{play}http://cdn.nd-burma.org/rfacs01jul2010.mp3{/play}

ကမ္ဘာပေါ်မှာ ကလေးစစ်သား အသုံးပြုနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဒီလဆန်းပိုင်းက တင်သွင်းခဲ့ပါတယ်။

မြန်မာ၊ ဆိုမားလီးယား၊ ချတ်ဒ်၊ ကွန်ဂို၊ ဆူဒန်စတဲ့ နိုင်ငံက အစိုးရတပ်တွေဟာ ကလေးစစ်သားတွေကို အသုံးပြုနေတယ်လို့ ကျွမ်းကျင်သူတွေက တင်ပြထားပါတယ်။

သူပုန် တပ်ဖွဲ့တွေနဲ့ တိုက်ရိုက် ဆွေးနွေးခဲ့တဲ့အတွက် ဖိလစ်ပိုင်၊ နီပေါ၊ အိုင်ဗရီကို့စ်၊ ကွန်ဂို နဲ့ အာဖရိကန် ရီပတ်ဘလစ် စတဲ့ နိုင်ငံတွေက ကလေးစစ်သား ထောင်ပေါင်း များစွာကို ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

သက်ဆိုင်ရာအစိုးရတွေက ခွင့်မပြုရင် ကမ္ဘာပေါ်မှာ ကလေးစစ်သား အသုံးပြုနေတဲ့ သူပုန်အဖွဲ့ ၅၀ လောက်ကို ကုလသမဂ္ဂ အနေနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းကို RFA အဖွဲ့သား ဦးဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။