(BBC) မြန်မာအစိုးရရဲ့ နိုင်ငံရေးလမ်းစဉ်ကို ပြုပြင်ပြောင်းလဲနိုင်အောင် ကုလသမဂ္ဂ ဘက်ကနေ လုပ်ဆောင်ဖို့ ပျက်ကွက် ခဲ့တယ်လို့ ဗြိတိသျှပါလီမန် အမတ်တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကနေ မြန်မာ့အရေး ဖိအားပေး လုပ်ဆောင် နိုင်အောင် ဗြိတိသျှ အစိုးရ ဘက်ကနေ တွန်းအားပေးလုပ်ဆောင် သင့်တယ်လို့ ဗြိတိသျှပါလီမန်အမတ် ၉၀ က စုပေါင်းလက်မှတ်ထိုးထားတဲ့ Early Day Motion လို့ခေါ်တဲ့ ကနဦးအဆိုပြုချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့တိုက်ဆိုင်ပြီး ဗြိတိန်အမတ်တွေက တောင်းဆိုတာလည်း ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးရေးတွေ ရှိဖို့လိုတယ်၊ အဲဒီလို တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာအောင် ကုလသမဂ္ဂက လုပ်ဆောင်သင့်တယ်လို့ အဆိုပြုလွှာမှာ ဖော်ပြပါတယ်။

ဒီလို ကုလသမဂ္ဂကနေ လုပ်ဆောင်နိုင်အောင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက ညီညီညွတ်ညွတ်ဝိုင်းဝန်းပံ့ပိုးသင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း စစ်တပ်အာဏာတည်မြဲဖို့ လုပ်ပေးမယ့်ဥပဒေသာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအတွက်လည်း အာမခံချက်မရှိဘူးလို့ ဝေဖန်ပြောဆိုပါတယ်။