ပလောင်အမျိုးသမီးအစည်းအရုံး
၂ရက်နေ့-ဇွန်လ-၂၀၁၀ ခုနှစ်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်နှင့် ကျေးရွာအသီးသီးတွင် ၂၀၁၀ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက်နှင့် သစ်တော ပြုန်းတီးမှုများကြောင့် မီးသွေးဖုတ်တောင်သူများကို မီးသွေးမဖုတ်ရန်နှင့် လက်ရှိသိုလှောင်ထားသော မီးသွေးများအားလုံးကို ၂၅ရက်နေ့မှ ၃၁ရက်နေ့အတွင်း အပြီးရောင်းရန် လားရှိုးတိုင်းမှူးမှတဆင့် နမ့်ခမ်းသစ်တောဦးစီးဌာနသို့ ၂၅ရက်နေ့၊ မေလ၊ ၂၀၁၀ခုနှစ် တွင် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

“နမ့်ခမ်းသစ်တောဦးစီးဌာနကနေ ကျနော်တို့ နမ့်ခမ်းဒေသတဝိုက်မှာရှိတဲ့ ရွာတွေကို ဒီမေလကုန်အတွင်း မီးသွေးတွေအပြီး ရောင်းရမယ်၊ အကုန်မရောင်းရင် လာရောက်သိမ်းဆည်းမယ်လို့ပြောတယ်။ ၂၀၀၈ ခုနှစ်တုန်းကလည်း တစ်ခါဖြစ်သေးတယ်၊ လူထုဆန္ဒ ခံယူပွဲတုန်းကပေါ့။ ကျနော့် အိမ်ဘေးနားကဆိုရင် သူ့မီးသွေးတွေ ပိဿါရာချီပြီး လာသိမ်းသွားတာ။ အခုဆိုရင် မီးသွေးတွေကို တရုတ်ပြည်နေ့တိုင်းပို့နေရတယ်၊ တရုတ်ဘက်မှာ မီးသွေးတွေပုံနေတာဘဲ။ ဟိုမှာလည်း ရောင်းမထွက်တော့ဘူး ရှုံးတာပေါ့။ အခုဆိုရင် တပိဿါကို တရုတ်ငွေ (၂ယွန်)ပဲ ရတယ်ဗျ၊ အရင်းတောင်ပြန်မရပါဘူး။” ဟု ရွာသားတစ်ဦးမှ ပလောင်အမျိုးသမီးအစည်းအရုံးသို့ ပြောပြခဲ့ပါသည်။

ဘာကြောင့် ဒီလိုရောင်းခိုင်းရသလဲဟု မေးမြန်းကြည့်ရာ “ရွေးကောက်ပွဲနဲ့နီးတော့ အဲဒီမတိုင်ခင်ရောင်းရမယ်၊ မရောင်းရင် ရွေးကောက်ပွဲကို ရှုပ်မယ်လို့ သူတို့ပြောတာပေါ့ကွာ”ဟု၎ရွာသားမှ ဆက်လက်ပြောပြခဲ့ပါသည်။

ယခုအခါ မီးသွေးများကို အချိန်အကန့်အသတ်နှင့် အတင်းအဓမ္မရောင်းခိုင်းသည့်အတွက် စျေးနှုန်းလည်းမကောင်းသလို ရောင်းလို့လည်း မထွက်သောကြောင့် တရုတ်နယ်စပ်တွင် သိုလှောင်ထားရပါသည်။ ရောင်းသည့်အခါတွင် အလုအယက်ရောင်းရသောကြောင့် ဆုံးရှုံးမှုလည်း များစွာရှိပါသည်။ သစ်တောပြုန်းတီးမှုများကြောင့် မီးသွေးမဖုတ်ရန် တားမြစ်ထားခြင်းသည် ပလောင်ပြည်သူလူထု စားဝတ်နေရေးကို များစွာထိခိုက်မှုရှိသည်ဟု သိရှိရပါသည်။

ရွာသူတစ်ဦးကတော့ “ကျမတို့ နမ့်ခမ်းမြို့နယ်တဝိုက်မှာ ဒုတိယ ပင်မအသက်မွေးဝမ်းကျောင်းက မီးသွေးဖြစ်ပါတယ်။ အခု မီးသွေးမဖုတ်ရတော့ဘူးလို့ အထက်ကအမိန့်ပေးလာတယ်။ မီးသွေးမဖုတ်စားရတော့ဘူးဆိုရင် ကျမတို့ စားဝတ်နေရေးကို ဘယ်လိုဖြေ ရှင်းရမလဲ။ လက်ဖက်စျေးနှုန်းကလည်း မကောင်း၊ ကုန်စျေးနှုန်းကလည်းကြီးတာနဲ့ ကျမတို့ ဒုက္ခရောက်ရတာအမှန်ပါပဲ။ ကျမတို့ မီးသွေးကိုလည်း စျေးနှုန်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကမန်းကတန်းနဲ့ရောင်းရတယ်။ အခုဆိုရင် ထင်းမာမီးသွေး တစ်ပိဿါကို (၃၄၀ကျပ်) နဲ့ ထင်းပျော့ တစ်ပိဿါကို အလွန်ဆုံးမှ(၂၇၀ကျပ်)ပဲ ရပါတယ်။ ရောင်းတာလည်း စျေးနှုန်းက ပုံမှန်မဖြစ်ဘူးလေ။ တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ရောင်းမကုန်ဘူးဆိုရင် ကျမတို့မီးသွေးကို တရုတ်ပြည်ဘက်မှာ သိုလှောင်ထားရပါတယ်။ မသိုလှောင်ထားဘူးဆိုရင် အမိန့်လာပေးတဲ့သူက သိမ်းမှာလေ။ အရမ်းကို စိတ်ညစ်တာပဲ။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရမယ်ထင်တယ်”ဟု ပြောပြခဲ့ပါသည်။

နမ့်ခမ်းဒေသတွင်နေထိုင်သော ပြည်သူများသည် အခြားသောစီးပွားရေးလုပ်ငန်းများ မကောင်းသည့်အတွက်ကြောင့် မီးသွေးလုပ်ငန်းကို လွန်ခဲ့သည့် ၁၀နှစ်ကျော်က ဒုတိယ ပင်မစီးပွားရေးအဖြစ် စတင်လုပ်ကိုင် စားသောက်လာခဲ့သည်မှာ ယခုအချိန်ထိပင် ဖြစ်ပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းမှတ်တမ်းနှင့် သုတေသနဌာန

ဆက်သွယ်ရန်။    ။ (+၆၆) ၈၂၁-၆၄၈-၁၁၅
(+၆၆) ၈၂၂-၂၅၁-၅၆၉
(+၆၆) ၈၄၈-၁၇၃-၉၃၆