(မဇ္ဈိမ) ရန်ကုန်တိုင်းအတွင်း ကျင်းပမည့် စာပေနှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ခွင့်ကို ယခင်ကထက် စိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးက ပြောသည်။

“ဟောပြောပွဲမှာ ဟောပြောကြမယ့် အကြောင်းအရာ၊ ဟောပြောပွဲကို လူဘယ်လောက်လောက် တက်မလဲ။ စတာတွေကို စိစစ်နေတာမျိုး ရှိပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

စိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် ညွှန်ကြားချက်ကို မတ်လ ၂၇ ရက် တပ်မတော်နေ့ မတိုင်ခင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အသစ်အရ ဟောပြောမည့်သူများ၏ စာရင်းများသာမက ဟောပြောပွဲ တက်ရောက်မည့် လူဦးရေစာရင်း၊ ဟောပြောပွဲကို တာဝန်ခံသူကပါ ဝန်ခံလက်မှတ် ထိုးရမည်ဖြစ်သည်။

စာပေဟောပြောပွဲများကို ကမကထပြု စီစဉ်နေသော Knowledge Bank Library မှ ဝန်ထမ်းတဦးက “ပြီးခဲ့တဲ့ ၂၇ ရက်နေ့မှာ လုပ်သွားတုန်းကတော့ တော်တော်ကို စစ်တယ်။ အဲဒီမတိုင်ခင် အရင်တုန်းကတော့ ဘာမှ သိပ်မေးမနေဘူး။ ပွဲမိန့်သွားတောင်းတယ်ဆိုရင် ဟောပြောတဲ့သူက ဘယ်သူလဲ ဆိုတာလောက်ပဲ မေးတယ်။ ပြီးတော့ တံဆိပ်တုံး ထုပေးလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။

စီးပွားရေးနှင့် ပတ်သက်သော ဟောပြောပွဲများ၊ ဆွေးနွေးပွဲများတွင်လည်း စိစစ်မှုများကို ယခင်ကထက် တိုးပြီး လုပ်ဆောင်လာသည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ဆီမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေဆိုရင် ခွင့်ပြုမိန့်တွေ တောင်းခံရတာမျိုး မရှိပါဘူး။ ဒီနောက်ပိုင်းမှာတော့ စီးပွားရေး ဆွေးနွေးပွဲပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တော်တော်ကို စစ်နေတယ်လို့တော့ ကျနော်လည်း ကြားတယ်” ဟု သူက ပြောသည်။

ဟောပြောပွဲအများအပြားကို ဟိုတယ်များတွင် ပြုလုပ်လေ့ရှိရာ အာဏာပိုင်များ၏ ထောက်ခံချက်၊ ပွဲမိန့်များ မပါလျှင် ဟောပြောခန်းမများ ငှါးရမ်းပေးလိမ့်မည် မဟုတ်ဟု ရန်ကုန်မြို့ရှိ Sedona Hotel မှ ဝန်ထမ်းတဦးက ပြောသည်။

စာပေလောက အတွေ့အကြုံများ၊ လူငယ်ပညာပေး စာတမ်းများ မကြာခဏ ဟောပြောလေ့ရှိသော စာရေးဆရာ ဆရာဖမြေင့်က စည်းမျဉ်းသစ်ကြောင့် စာရေးဆရာများကို ထိခိုက်စေနိုင်သည်ဟု ပြောသည်။

“ဒီလိုမျိုး တင်းကျပ်လာတယ်ဆိုရင်တော့ စာရေးဆရာတွေအတွက် မလွတ်လပ်တော့ဘူးပေါ့ဗျာ။ စာရေးဆရာတွေ အကျဉ်းအကျပ်ထဲ ရောက်နေတဲ့ ကိစ္စတွေကနေ လွတ်မြောက်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုလိုက်ပါတယ်” ဟု ဆရာဖမြေင့်က မဇ္ဈိမကို ပြောသည်။