(ဧရာ၀တီ) မြန်မာပြည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) တွင် သဘောထား ကွဲလွဲကြကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် စပ်လျဉ်း၍ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ က ယနေ့ တံခါးပိတ် အစီရင်ခံပြီးနောက် ရွေးကောက်ပွဲအပေါ် ဤသို့ သဘောထား ကွဲလွဲမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ် ကုလသမဂ္ဂ သံအမတ် Li Baodong က မည်သည့် နိုင်ငံမဆို ရွေးကောက် ပွဲသည် ဆိုင်ရာ အချုပ်အချာ အာဏာပိုင် နိုင်ငံ၏ အရေး ကိစ္စသာ ဖြစ်ကြောင်း၊ ထိုအချက်ကို လေးစားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အရေးတွင်လည်း ဤထုံးစံ အတိုင်းပင် ဖြစ်ကြောင်း ပြောသည်။

“လာမယ့် ရွေးကောက်ပွဲ အတွက် ကောင်းမွန်တဲ့ အခြေအနေ ဖန်တီးပေးဖို့၊ အပြုသဘောဆောင် အားပေးဖို့၊ မြန်မာပြည်ကို ကူညီဖို့ အရေးဟာ နိုင်ငံတကာ အဖွဲ့အစည်း အတွက်ရော လုံခြုံရေး ကောင်စီနဲ့ ကုလသမဂ္ဂ အတွက်ရော အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု တရုတ် သံအမတ်ကြီးက ဆိုသည်။

မြန်မာသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတခုထဲတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရေးသည် မလွယ်ကူကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အတွက် ရွေးကောက်ပွဲသည် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း Li Baodong က ဆက်ပြောသည်။

သို့သော် ဗြိတိသျှ ကုလသံအမတ် မာ့ခ် လိုင်ရယ် ဂရန့် ကမူ တရုတ်သံအမတ်အမြင်ကို သဘောမတူနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိမရှိ လုံခြုံရေးကောင်စီတွင် ဆွေးနွေးကြောင်း ဗြိတိသျှ သံအမတ်ကြီးက သတင်းထောက်များကို ပြောသည်။

ရွေးကောက်ပွဲ ဥပဒေများသည် လွတ်လပ်ပြီး တရားမျှတမည် မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရေးနှင့် NLD မှတ်ပုံတင်ရေးကို ခက်ခဲအောင် တမင်ပြုလုပ်ထားသည်နှင့် တူကြောင်းဗြိတိသျှ သံအမတ်ကြီးက ဝေဖန်သည်။

လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး အစည်းအဝေးခေါ်ယူမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံချက်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ပယ်ချခြင်း အပါအဝင် မကြာသေးမီက မြန်မာ့အရေး အခြေအနေများအပေါ် ဗီဂျေ နမ်ဘီယာ၏ အစီရင်ခံမှုများမှာ အကျိုးရှိကြောင်း ဂရန့်က ဆက်လက်ပြောသည်။

ဗီဂျေ နမ်ဘီယာသည် ဝါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သူ ဖြစ်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

ဆူဒန်ကဲ့သို့ပင် မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး (ICC) သို့ တင်ရေး လွှဲပြောင်းမည့် မည်သည့်လှုပ်ရှားမှုကို မဆို ဗြိတိန်က ထောက်ခံမည်ဖြစ်ကြောင်း၊ သို့သော် ထိုသို့ လွှဲပြောင်းရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထောက်ခံမှုမရ ဟု ဗြိတိန် သံအမတ်က ဝန်ခံပြောကြားသွားသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် မြန်မာ့အရေးဆွေးနွေးခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် ပထမဆုံးအကြိမ် မြန်မာပြည် အခြေအနေကို သိခွင့်ရသည်မှာ အကျိုးရှိသော အခွင့်အရေးဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။