(ခေတ်ပြိုင်) မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး မတ်လ (၂၄) ရက်နေ့ ယနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးပွဲတရပ် ပြုလုပ်မည်ဟု သိရသည်။

မြန်မာ့အရေးဆွေးနွေးရန်ကိစ္စကို မတ် (၂၃) ရက်တွင် ကျင်းပသည့်အစည်းဝေးတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့၌ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ဒီဇင်ဘာတွင် ရာထူးပြောင်းသွားသည့် ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ၏နေရာတွင် ယာယီတာဝန်ယူထားသည့် မစ္စတာဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေးနာဘီယားက မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို အစီရင်ခံရန်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ အစီရင်ခံတင်ပြခြင်းသည် ၂၀၀၉ ခုနှစ် သြဂုတ်လနောက်ပိုင်း လုံခြုံရေးကောင်စီတွင် ပထမဆုံးအကြိမ် ကြားနာခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရက ယခုလ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေများနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ် ရှိသော်လည်း ယခုလောလောဆယ်အခြေအနေတွင် လုံခြုံရေးကောင်စီအနေဖြင့် တစုံတရာဆုံးဖြတ်ချက် ချမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမဝင်နိုင်ရန် တားမြစ်သော စစ်အစိုးရ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များနှင့်ပတ်သက်၍လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မနက်ဖြန်တွင် ကုလသမဂ္ဂအဖွဲ့ဝင် အဓိကနိုင်ငံများနှင့် ဆွေးနွေးရန်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ့မိတ်ဆွေများအဖွဲ့က မြန်မာ့အရေးနှင့်ပတ်သက်ပြီး မနက်ဖြန် ကြာသပတေးနေ့တွင် ဆွေးနွေးကြမည်ဟု ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နက်စကီးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့မိတ်ဆွေများအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝး၊ ရုရှ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြသည်။