(ခေတ်ပြိုင်) မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ပေးဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်၍မရသကဲ့သို့ ဒီမိုကရေစီရေးကိုလည်း ဖော်ဆောင်နိုင်မည်မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောကြားသည်။

ယနေ့ကျင်းပသည့် အဖွဲ့တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် “အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အခန်းကဏ္ဍ” အမည်ရှိ အစီရင်ခံစာကို ဖြန့်ချိခဲ့ပြီးသည့်နောက် အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ဦးဘိုကြည်က ပြောကြားခြင်းဖြစ်သည်။

၎င်းက “မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ လုပ်ကိုလုပ်ရမှာက အမျိုးသားသင့်မြတ်ရေးဖြစ်တယ်။ ဒီဟာက လွတ်လပ်ရေး ရပြီးတဲ့အခါမှာ မရှိဘူး ဖြစ်နေတယ်။ လက်နက်ကိုင်တော်လှန်ရေးတွေ ပေါ်လာတာလည်းကြာပြီ၊ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းတာ မတွေ့တော့ ပြည်သူပြည်သားတွေပဲ သေကျကြေရတယ်။ ဒီကိစ္စမျိုး ရပ်တန့်အောင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေ ဆောင်ရွက်ရမယ်” ဟု ပြောသည်။
ကိုဘိုကြည်
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိဘဲ ဒီမိုကရေစီဖော်ဆောင်ရန် မဖြစ်နိုင်သကဲ့သို့ ဒီမိုကရေစီဖော်ဆောင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း လုပ်၍မရနိုင်ကြောင်း အဆိုပါ လုပ်ငန်းစဉ်နှစ်ရပ်မှာ ထပ်တူထပ်မျှ အရေးကြီးကြောင်း ဦးဘိုကြည်က ပြောသည်။

“အဲလိုလုပ်ဆောင်ဖို့ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရမယ်။ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို အကျဉ်းထောင်ထဲမှာထားပြီး မြန်မာပြည်ကြီးဖွံ့ဖြိုးနေပါပြီ၊ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါပြီဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်ဘွယ်မရှိဘူး။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့အရေးကြီးတယ်။ ဒါကြောင့် နိုင်ငံတကာ၊ မြန်မာပြည်သူပြည်သားနဲ့ နအဖကို ထောက်ပြချင်တဲ့အတွက် ဒီအစီရင်ခံစာကို ထုတ်ရခြင်းဖြစ်တယ်” ဟု ပြောသည်။

စာမျက်နှာ (၆၅) မျက်နှာ ပါရှိသည့် အဆိုပါအစီရင်ခံစာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးဦးတည်ရာတွင် နိုင်ငံရေးအကျဉ်းသားများ၏ အရေးကြီးသည့် အခန်းကဏ္ဍများကို ဓာတ်ပုံမှတ်တမ်းများ အချက်အလက်များဖြင့် ဖော်ပြထားပြီး လက်ရှိနိုင်ငံရေးအခြေအနေများကိုလည်း ဖော်ပြထားကာ နိုင်ငံတကာအသိုင်းအဝိုင်းအနဖြေင့် ညီညီညွတ်ညွတ်ရပ်တည်ပြီး လက်ရှိ နအဖစစ်အစိုးရအပေါ် တရားဝင် ဖိအားပေးနိုင်ရန် တိုက်တွန်းချက်များလည်း ထည့်သွင်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများကို တရားဝင်အသိအမှတ်ပြုပြီး စစ်မှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ခြွင်းချက်မရှိ လွှတ်ပေးပြီး ကျယ်ပြန့်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတခု စတင်ရန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပါဝင်နိုင်ရေး အတွက်၎င်းတို့အပေါ် ချမှတ်ထားသည့် ရာဇဝတ်ပြစ်မှုများကို ပယ်ဖျက်ပေးရန်နှင့် မြန်မာပြည်သူအားလုံးအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အားလုံးကို ရပ်တန့်ရန် တိုက်တွန်းချက်တွင် ပါရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီကို ၂၀၀၀ ပြည့်နှစ် မတ် (၂၃) ရက်တွင် ထိုင်း-မြန်မာနယ်စပ်၌ မြန်မာနိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

အေအေပီပီ-ဘီနှင့်ပတ်သက်၍ ဦးဘိုကြည်က “ကျနော်တို့ ဘဝကိုအခြေခံပြီး ထောင်ထဲရှိနေချိန်က ကျနော်တို့အကြောင်းကို ပြင်ပကမ္ဘာက မေ့ထားကြတယ်။ ထောင်ထဲမှာ အထီးကျန်ခံစားရတယ်။ ထောင်ထဲမှာရှိတဲ့ ရဲဘော်တွေ ကျနော်တို့လို မခံစားရအောင် ပြင်ပကမာ္ဘက သူတို့ကို တခုခုလုပ်ပေးပါလား ဆိုတဲ့ သတင်းမျိုး သူတို့ရရင် အနိမ့်ဆုံး စိတ်ဓာတ်ရေးရာအရ ခွန်အားဖြစ်စေတယ်။ သူတို့လွတ်လာရင်လည်း နိုင်ငံရေးလှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ဖို့ ဒီအသင်းကို ထူထောင်ရခြင်းဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း (၄၄) ခုနှင့် ရဲဘက်စခန်းပေါင်း (၅၀) ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မှာ (၂,၁၀၀) ကျော်ရှိသည်ဟု အေအေပီပီ-ဘီ က ပြောသည်။