Amid other leaders and representatives from the Southeast Asian Nations and representatives from human rights bodies in the region, Thailand's Prime Minister Abhisit Vejjajiva (3rd L front row) hands the 'Cha-am Hua Hin Declaration on the inauguration of the Asean Intergovernmental Commission on Human Rights' to head of Thailand's human rights body Sriprapha Petcharamesree (2nd R front row) during the inauguration ceremony as part of the summit meeting in the southern Thai resort town of Hua Hin on October 23. (Photo: Getty Images)(မဇ္ဈိမ) ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ကျင်းပရာ လူ့အခွင့်အရေး အဖွဲ့အစည်းသစ် တရပ်ကို အာဆီယံ ခေါင်းဆောင်များက

ယနေ့ စတင် ဖွဲ့စည်း ဖွင့်လှစ်ပေးလိုက်သည်။

ဒေသတွင်း လူ့အခွင့်အရေးများကို ဆက်လက် ကာကွယ်ရန်နှင့် မြှင့်တင်နိုင်ရန်အလို့ငှါ အာဆီယံ အစိုးရချင်း လူ့အခွင့်အရေး ကော်မရှင် (ASEAN Intergovernmental Commission on Human Rights – AICHR) ကို စတင် ဖွဲ့စည်း ဖွင့်လှစ်ပေးလိုက်သည့် ချန်အမ်း-ဟွာဟင်း ကြေညာချက်ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရ အကြီးအကဲများက ယနေ့ ထုတ်ပြန်သည်။

AICHR အဖွဲ့ကြီးကို ထူထောင်လိုက်နိုင်ခြင်းသည် ဤဒေသတွင်း အဖွဲ့အစည်းကြီး ဖွံ့ဖြိုးတိုးတက်လာမှုတွင် `နောက်ထပ် ထင်ရှားသည့် သမိုင်းမှတ်တိုင်တခု´ ဖြစ်ပြီး ပြည်သူလူထုကို ပိုမိုစောင်းပေးသည့် အာဆီယံ အသိုင်းအဝိုင်းတရပ် ထူထောင်ရန်ဟူသော အာဆီယံချာတာ အပိုဒ် ၁၄ ပါ ပြဋ္ဌာန်းချက်ကို တိကျစွာ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်ဟု အာဆီယံ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ယှဉ်ပြိုင်အာဆီယံ ကွန်ရက်အဖွဲ့ကြီး (Alternative Asean Network)၏ ညှိနှိုင်းဆက်သွယ်ရေးမှူးဖြစ်သူ ဒက်ဘီစတော့ဟတ် (Debbie Stothard) ကမူ အာဆီယံသည် ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန် ရည်ရွယ်ချက်ထားသည်ဟုဆိုပါက ဤ အာဆီယံလူ့အခွင့်အရေးအဖွဲ့ကြီးကို နိုင်ငံတကာစံများနှင့်အညီ ဖွဲ့စည်းထူထောင်သင့်သည်ဟု ပြောဆိုလိုက်သည်။

”ဒီကော်မရှင်ကို တကယ်ထိရောက်အောင် ဘက်လိုက်မှု မရှိအောင် တည်ထောင်သင့်ပါတယ်” ဟု စတော့ဟတ်က ပြောသည်။

AICHR ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူနေသော နိုင်ငံမှ ကိုယ်စားလှယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်ဖြစ်သည်။

”ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံကလွဲရင် သက်ဆိုင်ရာနိုင်ငံတွေက ကိုယ်စားလှယ် ရွေးချယ်ရာမှာ ထင်သာမြင်သာ မရှိပါဘူး” ဟု စတော့ဟတ်က ဆိုသည်။ အခြားနိုင်ငံများကမူ သူတို့ ကိုယ်စားလှယ်များကိုပင် လူ့အခွင့်အရေးအဖွဲ့၏ ကော်မရှင်နာမင်းကြီးများအဖြစ် ကောက်ယူတာဝန်ပေးလိုက်ခြင်းဖြစ်သည်ဟု သူမက ဆက်လက်ပြောဆိုသည်။

တိုင်းပြည်တွင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်နပြေီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု သိထားကြသော စစ်အစိုးရအုပ်စိုးနေသည့် မြန်မာနိုင်ငံကို ဤအသစ်ဖွဲ့စည်းလိုက်သော လူ့အခွင့်အရေး အဖွဲ့ကြီးမှ ထုတ်ပယ်ပစ်သင့်ကြောင်း စတော့ဟတ်က အာဆီယံကို တိုက်တွန်းလိုက်သည်။

”စစ်အစိုးရက တိုင်းပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေတာကြောင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးကို ဒီလူ့အခွင့်အရေးအဖွဲ့ထဲမှာ ထည့်မထားသင့်ပါဘူး” ဟု သူမက ပြောဆိုသည်။