နိုင်ငံရေးအကျဉ်းသား မနီမိုလှိုင် ကျမ္မာရေးဆိုးရွားနေ
သတင်းထုတ်ပြန်ချက်
ရက်စွဲ။ နိုဝင်ဘာလ ၇ ရက် ၂၀၀၉
သရက်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော မနီမိုလှိုင် သည် တိုက်ဖိုက်ရောဂါ ခံစားနေရပြီး အပြင်းဖျားနေကြောင်း သိရှိရသည်။
မနီမိုလှိုင်သည် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ နေထိုင်မကောင်းဖြစ်ခဲ့ပြီး သူမ၏ ကျမ္မာရေးမှာ တနေ့တခြား ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သရက်အကျဉ်းထောင်မှ မိသားစုထံ သံကြိုးစာပို့ခဲ့သဖြင့် မိသားစုမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သရက် အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်။
ထောင်အာဏာပိုင်များက သွေးစစ်၍ စစ်ဆေးတွေ့ရှိချက်ကို မိသားစုထံ အသိမပေးခဲ့ကြောင်း သိရှိရသည်။ အစာအိမ်နှင့်ပတ်သက်သည့်ဆေးကို တိုက်ခဲ့ပြီးနောက် တိုက်ဖိုက် ဆေး ၆ လုံး ထိုးပေးခဲ့သည်ဟု သိရှိရသည်။ ထောင်ဆရာဝန်၏ ပြောဆိုချက်အရ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု ပြောဆိုခဲ့ကြောင်းသိရှိရသည်။
မိသားစုအနဖြေင့် ဦးနှောက်အမြှေးရောင်ရောဂါခံစားရသူ များသောကြောင့် မနီမိုလှိုင်၏ ကျမ္မာရေးအတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။
မနီမိုလှိုင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ယောက်ဖြစ်သည်။ ထိုအပြင် ၂၀၀၇ စက်တင်ဘာလ ပြည်သူ့လမ်းရှောက်ဆန္ဒပြ ချီတက်လှုပ်ရှားမှုနှင့် နာဂစ်မုန်တိုင်း ဒါဏ်ခံခဲ့ရသော ပြည်သူများ အတွက် သူငယ်ချင်းများနှင့်အတူ စေတနာ့ဝန်ထမ်း ရံပုံငွေရှာဖွေ စုဆောင်း ကောက်ခံသည့် အဖွဲ့တွင်လည်း တက်ကြွစွာ ရှေ့တန်းမှပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါသည်။
၁၂ ဇွန်လ ၂၀၀၉ တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ၍ ၂၃ မတ်လ ၂၀၀၉ ခုနှစ်တွင် မနီမိုလှိုင်သည် အမှုနှစ်မှုဖြင့်တရားစွဲဆိုခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခြင်း ခံခဲ့ရသည်။
အေအေပီပီ၏ စုဆောင်းထားသော စာရင်းအရ အကျဉ်းထောင်များအတွင်း ကျမ္မာရေး ဆိုးရွားစွာ ခံစားနေရသူ ၁၂၈ ဦးရှိသည်။
###
For media interviews, please contact:
Tate Naing, AAPP Secretary +66(0)81-287-8751
Bo Kyi, AAPP Joint-Secretary +66(0)81-324-8935
