နိုင်ငံတကာ မီဒီယာများကပါ အာရုံစိုက်ဖော်ပြလာသည့် ကျောက်တော် လူသတ်ပွဲ
လင်းသစ်၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
ရခိုင်ပြည်နယ်အတွင်းမှနယ်မြေများ ပြန်ရရှိရေးအတွက် ဆက်တိုက် ဗုံးကြဲနေရာ ကျောက်တော်မြို့၏ ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားသောနေရာကို ဗုံးကြဲ၍ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့်ဖြစ်ရပ်ကို မြန်မာပြည်သူများပါမက နိုင်ငံတကာ မီဒီယာများတွင်လည်း အာရုံစိုက် ဖော်ပြလာကြသည်။
စက်တင်ဘာ၂၈ ရက် မွန်းလွဲပိုင်းက ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယဈေးနှင့် မြို့အဝင် ကစ္ဆပနဒီတံတားတို့ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပေါင် ၅၀၀ ဗုံး၏ ပေါက်ကွဲမှု၊ ပြင်းအားမှာ မီတာ၂၀ (၆၅ ပေ) အတွင်းရှိ အဆောက်အအုံ၊ စက်ပစ္စည်း၊ လူ/သတ္တဝါကိုမဆို ပြင်းထန်စွာ ထိခိုက်မှုဖြစ်နိုင် သို့မဟုတ် သေကြေနိုင်ကြောင်း လေ့လာသူများက ဆိုကြသည်။
ထိုဗုံး ဈေးဆိုင်ခန်းများပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆိုင်ခန်းများ ကြေမွပျက်စီးခြင်း၊ မီးကျွမ်းနေသည့် ဈေးရောင်းဈေးဝယ်များ၏ ရုပ်အလောင်းများ၊ မည်သူမည်ဝါ ခွဲခြားမရတော့သည့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများသည်လည်း မြေပြင်တွင် ပြန့်ကျဲလျက်ရှိသည်ကို ဒေသခံများနှင့် အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသော ဓာတ်ပုံ မှတ်တမ်းအချို့တွင် တွေ့ရသည်။
လက်ရှိအချိန်ထိ စာရင်းကောက်ယူချက်များအရ သေဆုံးသူ ၅၀ ဦးခန့် ရှိလာသလို ဒဏ်ရာရသူ ၆၀ နီးပါးအထိ ရှိလာပြီး ယင်းအထဲ၌ ကလေးငယ်၊ ကိုယ်ဝန်ဆောင်နှင့် ဒေသခံ ရိုဟင်ဂျာ အများအပြားပါဝင်ကြောင်း မြေပြင်တွင် ကူညီပေးနေသူများနှင့် ဒေသခံများထံမှ သိရသည်။
သေဆုံးခဲ့ရသူများထဲတွင် စစ်ဘေးရှောင် ဈေးသည်များ၊ ကုန်တင်ကုန်ချ အခြေခံ လက်လုပ်လက်စားများ၊ ဈေးလာဝယ်သူများ၊ ဘေးတွဲနှင့် တုတ်တုတ် စသည့် ကယ်ရီမောင်းသူများ ပါဝင်သည်။ ထို့ပြင် လသားအရွယ် ကလေးငယ် အပါအဝင် ကလေးငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ဆယ်ကျော်သက်များလည်း ပါဝင်သည်။
မြေပြင်တွင် ကူညီပေးနေသည့် ကျောက်တော်ဒေသခံ လူငယ်တဦးက “အလောင်း ရတာ၊ ဆေးရုံမှာ သေတာပါဆိုရင် ၅၀ ပြည့်ပြီ။ ဒဏ်ရာရတာ ၆၀ နီးပါး၊ နောက်ထပ်လည်း အလောင်း ရှာမတွေ့သေးတာတွေ အများကြီး။ ပျောက်နေတဲ့သူတွေ ရှိတယ်။ မိသားစုတွေက အလောင်း လိုက်ရှာပေမယ့် ရှာမတွေ့၊ လူကိုလည်း မတွေ့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၉ လ ကိုယ်ဝန်ဆောင်ထားသည့် မငယ် ဟု ခေါ်ကြသော အမျိုးသမီးတဦးသည် မီးလောင်ကျွမ်းနေစဉ်ပင် မီးဖွားခဲ့ရပြီး ကလေးနှင့် မိခင်ပါ မီးလောင်ကျွမ်းလျက်သားတွေ့ရှိခဲ့ရသည့် မြင်ကွင်းသည်လည်း ပြည်သူများအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့သည်။
ကျောက်တော်ဒေသခံ လူငယ်တဦးက “မွေးခါနီး အမျိုးသမီးတယောက်အပြင် နောက်လည်း အများကြီးပဲ။ မိန်းကလေးတွေ၊ အမျိုးသမီးတွေ ပိုများပါတယ်။ ဈေးလာဝယ်တဲ့ မွတ်စလင်တွေလည်း သေတဲ့အထဲမှာ ပါသွားတယ်” ဟု ပြောပြ သည်။
လက်ရှိ ကောက်ယူရရှိသည့် သေဆုံးသူ ၅၀ အပြင် နောက်ထပ် သေဆုံးသူများလည်း ရှိနိုင်သေးပြီး အလောင်း ရှာမတွေ့ သေးသူများ၊ ပျောက်ဆုံးနေသူများစွာ ကျန်ရှိနေသေးသဖြင့် မိသားစုဝင်များလက်မလျှော့ဘဲ ယခုအချိန်ထိ ရှာဖွေနေကြဆဲ ဖြစ်သည်။
စစ်တွေဒေသခံ အမျိုးသမီးတဦးက “ကျမ ဦးလေးဆိုရင် အခုထိ ဘာမှ ရှာမတွေ့သေးဘူး။ သူမောင်းခဲ့တဲ့ တုတ်တုတ်ကို ဈေးနားမှာ တွေ့တယ်။ တခြားသူတွေထဲမှာလည်း ကျမတို့လို ရှာမတွေ့တာတွေ ရှိတယ်” ဟု ပြောသည်။
ကျောက်တော်မြို့ ကုလားတန်မြစ်ကမ်းဘေး၊ ကစ္ဆပနဒီတံတားအောက်တွင် တည်ရှိသော အိန္ဒိယဈေးကြီးသည် ရခိုင်ပြည်သို့ အိန္ဒိယဘက်မှ ဝင်ရောက်သည့် ကုန်စည်များကို ရောင်းဝယ်ဖောက်ကားကြသော အဓိက ဈေးကြီးဖြစ်သလို ပြည်နယ်အတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ကုန်သည်များက ထိုဈေး၌ လက်လီလက်ကား လာရောက် ဝယ်ယူကြခြင်း ဖြစ်သည်။
ဈေးအတွင်းနှင့် ဈေးဝန်းကျင်တလျောက် ဒေသခံနှင့် စစ်ဘေးရှောင် ကုန်သည်များက ဆိုင်ခန်းဖွင့် ရောင်းချကြပြီး ဈေးရောင်းဈေးဝယ်များ၊ အလုပ်သမားများ၊ ကယ်ရီသမားများနှင့် အမြဲတမ်း စည်ကားနေသည့် ဈေးလည်း ဖြစ်သည်။
“ဒီဈေးက တနင်္လာနေ့ဆိုရင် ခါတိုင်းနေ့တွေထက် လူပိုစည်တယ်။ ဈေးဖွင့်ရက် ဖြစ်တော့လေ။ အဲဒီလို လူစည်တဲ့ ရက်မှာပဲ ဗုံးကြဲတာ။ ဆိုင်ခန်းတွေကလည်း အကုန် ကပ်နေတော့လေ။ တလုံးတည်းမို့လို့၊ နှစ်လုံးဆိုရင် ဈေးတခုလုံး ဘာမှ မကျန်ဘူး” ဟု ကျောက်တော်မြို့ခံ ဆိုင်ရှင်တဦးက ပြောသည်။
စစ်တပ်ထောက်ခံသူ လော်ဘီများကမူ ထိုဈေးသည် AA စခန်း ဟုပင် ဆိုကာ ဝါဒဖြန့်ချိလျက် ရှိသည်။
ယင်းအပေါ် ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအသင်း ဒါရိုက်တာ ဦးမြတ်ထွန်းက “ကလေးသူငယ်တွေ၊ မွေးကင်းစတွေ၊ မွတ်စလင် အမျိုးသမီးတွေလည်း ပါပါတယ်။ ဒါဟာ စစ်လော်ဘီတွေ ပြောသလို စစ်စခန်းဆိုတာ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား စဉ်းစားကြည့်လို့ ရပါတယ်” ဟု ပြောကြားသည်။
စစ်တပ်၏ ဗုံးကြဲမှုသည် စစ်ရာဇဝတ်မှုနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်သည်ဟုလည်း ၎င်းက ဆိုသည်။
“စစ်တပ်က ကျောက်တော်မြို့ အိန္ဒိယဈေးကို တိုက်ခိုက်တာဟာ ပြည်သူတွေကို ထိခိုက်အောင် တမင်ပြုလုပ်တာ လို့ ပြောလို့ရပါတယ်။ ဒါဟာ အာဏာရူး မင်းအောင်လှိုင်အနေနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာ၊ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်ပါတယ်။ တိုက်ပွဲအတွင်းမှာ ပြည်သူတွေကို ထိခိုက်သေကြေ ပျက်စီးအောင် တမင်တကာ လုပ် တာလို့ ပြောလိုပါတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။
AA ကလည်း ထိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ် တိုက်ခိုက် သူများနှင့် ပါဝင်ပတ်သက်သူ အားလုံး၊ ပါဝင်ဆက်နွယ်သည့် အဖွဲ့အစည်းများ အားလုံးကို အထူးမှတ်တမ်းတင်ထားပြီး ထိုက်တန်သည့် တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်တွင် လက်တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ကျနော်တို့ ULA/AA အနေနဲ့ ဒီဖြစ်စဉ်မှာ အသက်ပေးသွားခဲ့ကြတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှု ရရှိဖို့၊ ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက် စစ်တပ်နဲ့ ပါဝင်ပတ်သက်သူ တယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံ့ပြန် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သည့် ကျောက်တော် ဗုံးကြဲမှုသတင်းကို ပြည်တွင်းမီဒီယာများနှင့် နိုင်ငံတကာ သတင်းဌာနကြီးများဖြစ်သော The Washington Post၊ The New York Times၊ AFP၊ AP၊ Reuters၊ Al Jazeera၊ The Independent၊ Bangkok Post၊ FRANCE 24၊ The Straits Times၊ The Nation စသည့် မီဒီယာကြီး များကပါ ဖော်ပြခဲ့ကြသည်။
စစ်တပ်ထောက်ခံသော မီဒီယာများဖြစ်သည့် Eleven Media၊ Popular၊ One News Myanmar စသော မီဒီယာများ တွင် ကျောက်တော် ဗုံးကြဲမှုအကြောင်းနှင့်ပတ်သက်၍ ယခုအချိန်ထိ ဖော်ပြခြင်း မရှိပေ။ စစ်တပ်လော်ဘီ မီဒီယာတခု ဖြစ်သည့် NP News တည်ထောင်သူ ကျော်မျိုးမင်းက စစ်တပ်သည် AA စခန်းရှိသည်ဟု ယူဆရသောနေရာ၊ AA ထောက်ခံသူများရှိသည့် နေရာကို ပစ်မှတ်ထား၍ တိတိကျကျ ကြဲသွားခြင်းဖြစ်ကြောင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုကို ဖုံးကွယ်ရန်ပြောဆိုခဲ့ သည်။
ကျောက်တော် ဗုံးကြဲမှုဖြစ်စဉ်အပေါ် ဗြိတိန်အစိုးရ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk တို့က ရှုတ်ချကြောင်း ထုတ်ပြန်ထားကြသလို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် တော်လှန်ရေး အင်အားစု များကလည်း ရှုတ်ချခြင်း၊ ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ထုတ်ပြန်ထားကြသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို လက်လွှတ်ထားရပြီး စစ်တွေနှင့် ကျောက်ဖြူ အပါအဝင် ရခိုင်အစပ် ရှေ့တန်း စစ်မျက်နှာများတွင် အထိနာနေသော စစ်တပ်သည် အရပ်သားနေရာများကိုပါမချန် လေကြောင်းပစ်ခတ်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာသဖြင့် သေဆုံးရသည့် အရပ်သားအရေအတွက်မှာလည်း ရာချီ ရှိလာပြီဖြစ်သည်။
စက်တင်ဘာ ၄ ရက်မှစ၍ စစ်တပ်သည် ၄၉၂၆ စစ်ဆင်ရေးဟု အမည်တပ်ကာ ရခိုင်ပြည်နယ်အတွင်းနှင့် ရခိုင်အစပ် နေရာများကို စတင်ထိုးစစ်ဆင်ခဲ့ပြီး နေ့စဉ်နီးပါး ဗုံးကြဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
၄၉၂၆ စစ်ဆင်ရေးစတင်ချိန်မှယနေ့အထိ ၃ ပတ်ကျော်အတွင်း စစ်တပ်၏ လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးသူ ၆၀ ဝန်းကျင်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ဝန်းကျင် ရှိပြီဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ဗုံးကြဲမှုများအနက် ၁၁၆ ဦး သေဆုံးခဲ့သည့် အမ်းမြို့နယ် ဒလက်ချောင်းအကျဉ်းထောင် ဗုံးကြဲခြင်းဖြစ်စဉ်ပြီးလျှင် ယခု ကျောက်တော်မြို့ ဗုံးကြဲမှုသည် အရပ်သားသေဆုံးမှု ဒုတိယ အများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။








