(BBC) မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားပြီး အတင်းအကြပ် အခွန်ကောက်ခံမှု တွေကြောင့် ကျေးလက်ဒေသမှာ အများစု နေထိုင်ကြတဲ့ ပြည်သူတွေ စားစရာမရှိဘဲ ဗိုက်မှောက်နေကြရပြီလို့ လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက်အဖွဲ့ ND – Burma က အစီရင်ခံစာ တရပ် ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာရဲ့အဓိက ထောက်ပြချက်ကတော့ ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ အခွန်ကောက်ခံမှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

စံနစ်တကျပုံစံမျိုးနဲ့ မဟုတ်ဘဲ အလှူခံ အသွင်မျိုး၊ ကားလမ်းမှာ ဂိတ်နဲ့တားပြီး ငွေကောက်တာမျိုး၊ အဓမ္မ လုပ်အားပေး ခိုင်းစေတာနဲ့ မြေယာ သိမ်းယူတာမျိုးတွေဟာ တကယ်တော့ ပြည်သူရဲ့ ပစ္စည်းဥစ္စာတွေကို အာဏာပိုင်တွေဆီ လွှဲပြောင်း ပေးနေရတာဖြစ်ပြီး၊ ဒေသခံအာဏာပိုင် အဆင့်က အဲဒီလိုလုပ်ဖို့အတွက် အစိုးရက ခွင့်ပြုထားတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ဒီအစီရင်ခံစာမှာ အခွန်နဲ့ သက်ဆိုင်တဲ့အစိုးရဌာနတွေရဲ့ လုပ်ဆောင်ချက်တွေ ကိုအဓိက ဖော်ပြထားတာမျိုးမဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်း ဦးတည်ပြီး ပြောထားတာနဲ့ ပတ်သက်လို့ အစီရင်ခံစာ ဖြစ်မြောက်ရေး အတွက် အဓိကပါဝင်သူတဦးဖြစ်တဲ့ မချယ်ရီဇာဟောင်းက ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံမှုစံနစ်မှာ အဓိကပြဿနာက အစိုးရအာဏာပိုင်အဖွဲ့အစည်းက သိပ်ကြီးနေ ပြီးစစ်သားတွေသိပ်များနေပါတယ်။ ပြီးတော့ သူတို့ကို ဗဟိုအစိုးရက လုံလောက်တဲ့ ထောက်ပံ့မှုတွေ မပေးတဲ့အတွက် လက်နက်ရှိတဲ့စစ်သားတွေက သာမန်ပြည်သူတွေဆီက ပစ္စည်းဥစ္စာတွေကို ရယူနေကြပါ တယ်။ အကြမ်းဖက်မှုတွေ ပါဝင်နေတဲ့ ဒီလုပ်ရပ်တွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဖြစ် ပေါ်စေပါတယ်လို့ အစီရင်ခံစာကိုရေးတဲ့ ဒေါက်တာ အယ်လစ်ဆန် ဗစ်ကာရီက ပြောသွားပါတယ်။

ပြည်သူတွေအနေနဲ့ အာဏာပိုင်တွေကို ဘယ်အချိန်မှာ ဘယ်လောက်ပေးရမယ် ဆိုတာကိုလဲ မသိနိုင်ဘဲ အဖွဲ့အစည်းပေါင်းစုံကလိုအပ်တဲ့အချိန် အိမ်တံခါး လာခေါက်ပြီး တောင်းနေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့လဲသူက ဆိုပါတယ်။

ဒါကိုပြုပြင်ပြောင်းလဲဖို့အတွက် အဖြေတခုက ကုန်ကျစားရိတ်တွေ သိပ်များပြီး လူတွေကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တပ်မတော်ရဲ့အင်အား ကိုလျှော့ချဖို့ဖြစ်တယ်လို့ ဒေါက်တာဗစ်ကာရီက ဆိုပါတယ်။

ဆင်းရဲနေတဲ့ပြည်သူတွေကိုအခွန် ကောက်နေတာတွေရပ်လိုက်ပြီး ထိုင်းနဲ့တရုတ်ကိုရောင်းနေတဲ့ငွေကိုသုံးမယ်ဆိုရင် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်လို့ ဒေါက်တာအယ်လစ်ဆန် ဗစ်ကာရီက ပြောခဲ့ပါတယ်။