(ဧရာဝတီ) မြန်မာ စစ်အစိုးရ၏ စစ်ရာဇ ဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများကို
စုံစမ်း စစ်ဆေးမည့် လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် စာနယ်ဇင်းများက ဖော်ပြသည်။

စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြည်လည် သုံးသပ်ပြီးနောက် အမေရိကန် အစိုးရက ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော စစ်ခေါင်းဆောင်များကို အဓိက ပစ်မှတ်ထားပြီး အမေရိကန် သမ္မတ အိုဘားမား အစိုးရ၏ ယမန်နှစ်က စတင် ကျင့်သုံးခဲ့သည့် မအောင်မြင်သော စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ထင်ဟပ်နေသည်။

အမေရိကန် အစိုးရက တရားဝင် ထုတ်ဖော် ကြေညာခြင်း မရှိသေးသော်လည်း ထိုသို့ ထောက်ခံရန် ဆုံးဖြတ်လိုက်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာနှင့် နိုင်ငံခြားရေး မူဝါဒ (Foreign Policy) မဂ္ဂဇင်း တို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ထောက်ခံရန် ဆုံးဖြတ်ချက်သည် စစ်အစိုးရက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ဂရုမစိုက် ဘဲ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာပြီး မကြာမီ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

“အဓိက အရေးကြီးသည်မှာ မြန်မာပြည်သူများထက် စစ်ခေါင်းဆောင်တစု၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပစ်မှတ် ထားခြင်း ဖြစ်သည်” ဟု အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိတဦးကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။

“ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနဖြေင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ထုတ်ဖော် မေးမြန်းမည့် ကော်မရှင် တရပ် ဖွဲ့စည်းရန် စဉ်းစားသင့်ပါသည်” ဟု ကင်တာနာ က မတ်လအတွင်း၌ တင်သွင်းသော အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ယင်းအစီရင်ခံစာသည် စစ်အစိုးရအပေါ် ဥပဒေကြောင်းအရ အရေးယူရန် ကြိုးပမ်းနေသော အဖွဲ့အစည်းများနှင့် မြန်မာ အတိုက်အခံ အင်အားစုများ၏ မျှော်လင့်ချက်ကို မြင့်တက်စေပါသည်။

ကုလသမဂ္ဂ အနဖြေင့် နောက်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန်အစည်းအဝေးတွင် ယင်းသို့ သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မျိုး ဖွဲ့စည်းရေး မိတ်ဆက်တင်ပြနိုင်ရန် လမ်းပွင့်သွားသည်ဟု နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းက ရေးသားထားသည်။ အိုဘားမား အစိုးရသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထိုကော်မရှင်ဖွဲ့ရန် ဆုံးဖြတ်ချက် ကျရေး အတွက် ဖိအားပေးနိုင်ကြောင်း၊ သို့မဟုတ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို၎င်း၏ လုပ်ပိုင်ခွင့်ထဲမှ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံနိုင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းကြီးက ဆက်လက် ရေးသားထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တရုတ်က ကန့်ကွက်သည့်တိုင် မဲခွဲဆုံးဖြတ်ပြီး စုံစမ်းစစ်ဆေး ရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ဖွယ် ရှိကြောင်း သုံးသပ်ထားသည်။ စစ်ရာဇဝတ်မှုများဖြင့် အရေးယူခံနေရသည့် ဆားဘီးယား ခေါင်းဆောင်ဟောင်း ဆလိုဘိုဒန် မီလိုဆ
ီဗစ် နှင့် ယခုလောလောဆယ်တွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၌ တရား ရင်ဆိုင် နေရသည့် လိုက်ဘေးရီးယား သမ္မတဟောင်း ချားလ်စ် တေလာ တို့ကို ဝါရှင်တန်ပို့စ်က ဥပမာပေး ဖော်ပြထားသည်။

နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းတွင် “စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ဆုံးဖြတ်ချက်သည် မြန်မာစစ်အစိုးရ အမြောက် အမြား ကျူးလွန်ထားသော ရာဇဝတ်မှုများ၏ အကျိုးဆက်များကို ထင်ဟပ်ခြင်း ဖြစ်ကြောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီက ထိုကဲ့သို့သော ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံကြောင်း၊ စစ်အစိုးရသည် ဒီမိုကရေစီရေးကို ရှေးရှုသော လုပ်ရပ်များ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် စစ်အစိုးရအား အရေးယူရန် အမေရိကန်လွှတ်တော်၏ ညီညွတ်စွာ တောင်းဆိုမှု အကျိုးဆက် ဖြစ်ကြောင်း” ရေးသားထားသည်။

“မြန်မာပြည်က ရေပေါ်ဆီ စစ်ဘက်ဆိုင်ရာ မျိုးဆက်တခုလုံး လာမယ့် နှစ် အနည်းငယ်အတွင်းမှာ တခုခု ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ သူတို့ကို အဓိက ရည်ရွယ်ပါတယ်” ဟု အမေရိကန် အဆင့်မြင့် အရာရှိတဦးကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို ကြေညာပြီး တနှစ်နီးပါး ကာလအတွင်း၌ အမေရိကန်-မြန်မာ အစိုးရအဆင့် တွေ့ဆုံဆွေးနွေးရေးကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း မည်သည့်ရလဒ်မှ ထွက်မလာသည့်အပေါ် စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိ ၂ ဦးက နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းသို့ ပြောကြားရာတွင် အမေရိကန်အနဖြေင့် မြန်မာစစ်အစိုးရအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံအားပေးသော်လည်း စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကိုမူ ဆက်လက် ကိုင်စွဲထားမည်ဟု ဆိုသည်။

တဦးသော အမေရိကန် အဆင့်မြင့်အရာရှိက“မြန်မာ စစ်အစိုးရကို သံတမန်နည်းလမ်းနဲ့ ထိတွေ့ ဆက်ဆံရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရလဒ်ကောင်းတွေ မရခဲ့ပါဘူး”ဟု ပြောသည်။

ထောင်နှင့်ချီနေသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးနှင့် မြန်မာပြည်တွင်း နိုင်ငံရေး အခင်းအကျင်း ပိုမိုပွင့်လင်း မြင်သာစေရန် ဖိအားပေးသည့် အနဖြေင့် အိုဘားမားအစိုးရသည် စီးပွားရေး ပိတ်ဆို့မှုများကို ထပ်မံတင်းကျပ်ရန် စဉ်းစားနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် ဧရာဝတီ သတင်းထောက် Lalit K Jha ပူးပေါင်း ရေးသားသည်။