သတင်းသမား ဖိနှိပ်မှုအဆိုးဆုံး မြန်မာ စတုတ္ထ ချိတ်

ဟိန်းသူ
သတင်းသမားများ ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံသည် စတုတ္ထ နေရာတွင်ရှိကြောင်း သတင်းသမား များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
၂၀၁၀ ခုနှစ်အတွင်း တကမ္ဘာလုံး သတင်းသမားများ ဖမ်းဆီးခံရမှုမှာ ၁၄၅ ဦး အထိရှိပြီး မြန်မာနိုင်ငံတွင် သတင်းသမား ၁၃ ဦးကို ဖမ်းဆီး အကျဉ်းချထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်းသမားများကို ဖိနှိပ်သည့် အဆိုးဝါးဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နခြေင်းမှာ လုံးဝ ငြင်းပယ်စရာမရှိကြောင်း၊ မိမိတို့၏ စာရင်းအရ မြန်မာ သတင်းသမားများ ဖမ်းဆီးခံထားရသည်မှာ ၂၂ ဦးအထိရှိနေကြောင်း မြန်မာ့ သတင်း သမဂ္ဂမှ အတွင်းရေးမှူး ဦးစံမိုးေဝ က ပြောသည်။

“ပြဿနာ အရှိဆုံးကတော့ ကင်မရာကိုင်ရင် ဖမ်းတာတို့၊ အီးမေးလ် ပို့ရင်၊ လက်ခံရင် ဖမ်းတာတို့ပါပဲ။ အဲဒီလိုကိစ္စတွေဟာ လုံးဝ မဖြစ်သင့်ပါဘူး”ဟု ဦးစံမိုးေဝက ဧရာဝတီသို့ ပြောသည်။

သတင်းသမားများ ဖမ်းဆီးအကျဉ်းချထားသောနိုင်ငံပေါင်း ၂၈ နိုင်ငံရှိပြီး တရုတ်နှင့် အီရန်တို့မှာ သတင်းသမား ၃၄ ဦးစီ ဖမ်းဆီး ထားသောကြောင့် တကမ္ဘာလုံး၏ တဝက်ခန့်ဖြစ်နပြေီး အဆိုးဆုံးဖြစ်ကြောင်း၊ အဲရစ်ထရီးယား နိုင်ငံမှာ ၁၇ ဦးဖမ်းဆီးထား၍ တတိယ အဆိုးဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြီးလျင် ကျန်နိုင်ငံများမှာ ၆ ဦးထက်မပိုသော ဖမ်းဆီးမှုများရှိကြောင်း အမေရိကန် နိုင်ငံ အခြေစိုက် CPJ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တကမ္ဘာလုံးတွင် သတင်းသမားများ ဖမ်းဆီးထားသည့် ဦးရေမှာ ၁၃၆ ဦးရှိပြီး ယခု ၂၀၁၀ ခုနှစ်တွင် ၁၄၅ ဦးအထိရှိလာကြောင်းလည်း တွေ့ရသည်။

CPJ မှ အမှုဆောင်ဒါရိုက်တာ ဂျိုးလ် ဆိုင်မွန်က“အခုလိုတကမ္ဘာလုံးမှာ သတင်းသမားတွေ ဖမ်းဆီးခံရတာဟာ တုန်လှုပ်စရာ ကောင်းလောက်အောင် များလာပါတယ်။ သတင်းသမားတွေကို တရားနည်းလမ်းကျကျ ထောင်ချတဲ့နိုင်ငံက နည်းနည်းပဲရှိပါ တယ်”ဟု ပြောသည်။

ယခုနှစ် အဆိုးရွားဆုံး စာရင်းတွင် နံပါတ် ၄ နေရာလိုက်သည့် မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်က နံပါတ် ၅ နေရာရှိပြီး သတင်းသမား ၉ ဦး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

CPJ၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်နောက်ပိုင်း သတင်းသမားအသတ်ခံရမှု ၃ ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။၎င်းတို့မှာ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က ကြေးမုံသတင်းစာတိုက် သတင်းထောက် ဦးလှဟန်၊ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ကြေးမုံသတင်းစာတိုက် သတင်းထောက် ဦးသာဝင်းနှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က APF သတင်းဌာနမှ ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက် ကန်ဂျီး နာဂါအိ တို့ပင်ဖြစ်ကြောင်း CPJ ထုတ်ပြန်ချက်၌ ပါရှိသည်။

ပြည်ပ အခြေစိုက် မြန်မာ့ သတင်း သမဂ္ဂ၏ ကြေညာချက်အရ မြန်မာနိုင်ငံ ထောင်များအတွင်း သေဆုံးသွားသည့် သတင်းသမား ၆ ဦးရှိပြီး၎င်းတို့မှာ ဦးဘသော်၊ ဦးနေဝင်း၊ ဦးသာဝင်း၊ ဦးသိန်းတင်၊ ဦးတင်ရွှေ နှင့် ဦးစောဝင်း တို့ဖြစ်ကြောင်း သိရသည်။